Defencenews; Feb-5 (Sat)
တူရကီနှင့်ယူကရိန်းဥပဒေပြုအမတ်များသည် နှစ်နိုင်ငံအကြား မောင်းသူမဲ့ လေယာဉ်များ ပူးတွဲထုတ်လုပ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ အတည်ပြုချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီ ရက်ဇ်နီကော့ဗ် (Olesii Reznikov) က ပြောကြားခဲ့သည်ဟု Defencenews သတင်း ဌာနက ဖေဖော်ဝါရီလ ၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်များကို ယူကရိန်းနိုင်ငံရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများနှင့် လေ့ကျင့်ရေးစင်တာ များ၌ ထုတ်လုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ တူရကီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Baykar Makina သည် ၂၀၁၉ ခုနှစ်တွင် ယူကရိန်းနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆၉ သန်းတန်ဖိုးရှိ Bayraktar TB2 မောင်းသူမဲ့ လေယာဉ် ၆ စီးအပါအဝင် ၎င်း၏ဆက်စပ်ပစ္စည်းများ တင်ပို့ရောင်းချရေးသဘောတူ စာချုပ်တစ်ရပ်ကိုလည်း ချုပ်ဆိုခဲ့ပါသည်။ ထို့ပြင် ယူကရိန်းအစိုးရအနေဖြင့် လာမည့် ကာလများတွင်လည်း တူရကီထုတ် မောင်းသူမဲ့တိုက်လေယာဉ် ၂၄ စီးကို ထပ်မံဝယ်ယူ သွားရန် စီစဉ်လျက်ရှိကြောင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။
ယူကရိန်းတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံအရှေ့ဘက်ပိုင်းရှိ ရုရှားကျောထောက် နောက်ခံပြု ခွဲထွက်ရေးသမားများကို ဆန့်ကျင်သည့်အနေဖြင့် Bayraktar TB2 မောင်းသူမဲ့တိုက်လေယာဉ်များကိုအသုံးပြုခဲ့ခြင်းသည် ရုရှားနိုင်ငံအား ဆန့်ကျင်သည့် ဆောင်ရွက်မှုဖြစ်ပါသည်။ Bayraktar TB2 မောင်းသူမဲ့တိုက်လေယာဉ်သည် တာဝေး ပစ်မှတ်များကို ထိရောက်မှုရှိစွာပစ်ခတ်နိုင်ပြီး ကင်းထောက်ခြင်းနှင့် ထောက်လှမ်းရေး မစ်ရှင်များလုပ်ဆောင်နိုင်သည့် နည်းဗျူဟာမြောက်စနစ်များပါဝင်သည့် မောင်းသူမဲ့ တိုက်လေယာဉ်ဖြစ်ပါသည်။ တူရကီနှင့်ယူကရိန်းတို့အကြား ယူကရိန်းနိုင်ငံ၌ ပူးတွဲ ထုတ်လုပ်သွားမည့်တိုက်လေယာဉ်များအား တူရကီ-ယူကရိန်း Bayraktar ဟု အမည်ပေး ထားကြောင်းနှင့် ယူကရိန်းအင်ဂျင်ထုတ်လုပ်ရေးကုမ္ပဏီ Motor Sich မှထုတ်လုပ်မည့် အင်ဂျင်များကိုအသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရက်ဇ်နီကော့ဗ်က ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
သုံးသပ်ချက်
ရုရှားနိုင်ငံသည် ၎င်း၏အိမ်နီးချင်းနိုင်ငံဖြစ်သည့် ယူကရိန်းနိုင်ငံအပေါ်တိုက်ခိုက်ရန် ရည်ရွယ်လျက်ရှိကြောင်း NATO အဖွဲ့အတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိစဉ် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဖေဖော်ဝါရီလ ၃ ရက်တွင် ယူကရိန်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပါသည်။ သမ္မတ အာဒိုဂန်သည် အဆိုပါခရီးစဉ်အတွင်း တူရကီမောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Bayraktar မှ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည့် မောင်းသူမဲ့လေယာဉ်များကို ယူကရိန်းနိုင်ငံအတွင်း ပူးပေါင်းထုတ်လုပ်သွားရန် သဘောတူညီချက်တစ်ရပ်အား ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး (Volodymyr Zelenskiy) နှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့အကြားဖြစ်ပွားခဲ့သည့် နာဂေါ်နို-ကာရာဘတ်စစ်ပွဲအတွင်း၌လည်း အဇာဘိုင်ဂျန်တပ်မတော်သည် တူရကီနိုင်ငံထုတ် Bayraktar TB2 မောင်းသူမဲ့လေယာဉ်များကို ထိရောက်စွာအသုံးပြုတိုက်ခိုက်နိုင်ခဲ့ခြင်း ကြောင့် အာမေးနီးယားနိုင်ငံအား အနိုင်ရရှိခဲ့ပါသည်။ ၎င်းအပြင် တူရကီသည် အဆိုပါ Bayraktar TB2 မောင်းသူမဲ့လေယာဉ်များကို ဆီးရီးယားနှင့် လစ်ဗျားစစ်ပွဲများတွင်လည်း အသုံးပြုခဲ့ရာ ရလဒ်ကောင်းများရရှိခဲ့ခြင်းကြောင့် နာမည်ကျော် စစ်လက်နက်တစ်ခု အဖြစ် နိုင်ငံအများအပြား၏ စိတ်ဝင်စားမှုကိုရရှိလျက်ရှိပါသည်။ ယူကရိန်းနိုင်ငံအနေ ဖြင့်လည်း ၂၀၁၉ ခုနှစ်မှစ၍ Bayraktar TB2 မောင်းသူမဲ့လေယာဉ် ဒါဇင်ပေါင်း များစွာကိုဝယ်ယူခဲ့ပြီး ဒွန်းဘတ်စ် (Donbas) ဒေသရှိ အမြောက်တပ်များကိုဖျက်ဆီးရန် အတွက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ပါသည်။ ယခုကဲ့သို့ တူရကီနှင့် ယူကရိန်းနိုင်ငံတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် မောင်းသူမဲ့ လေယာဉ်များ ပူးတွဲထုတ်လုပ်ရေးသဘောတူညီချက်ကြောင့် ရုရှားနိုင်ငံ၏ အမျက် ဒေါသကို လှုံ့ဆော်ပေးသလိုဖြစ်ခဲ့သော်လည်း တူရကီအနေဖြင့် ယူကရိန်းနှင့် ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်အသစ်များချုပ်ဆိုခြင်းကို ရပ်တန့်သွားမည်မဟုတ်ကြောင်း၊ အဆိုပါပူးပေါင်းဆောင်ရွက်မှုများသည် ရုရှားနိုင်ငံကို ပစ်မှတ်ထားရန်နှင့် အနှောင့် အယှက်ဖြစ်စေရန်အတွက် ရည်ရွယ်ခြင်းမဟုတ်ကြောင်း တူရကီဘက်က ပြောကြား ထားသည်ကို တွေ့ရှိရပါသည်။ NATO အဖွဲ့အတွင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် တူရကီနိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ယူကရိန်းအား အဓိကထောက်ခံသူအဖြစ် ပေါ်ထွက်ခဲ့ခြင်းကြောင့် ရုရှားနိုင်ငံအနေဖြင့် ပြစ်တင်ရှုတ်ချမှုများပြုလုပ်လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။ တူရကီနိုင်ငံသည် လက်ရှိအချိန်တွင် ရုရှားနိုင်ငံနှင့်ဆက်ဆံရေး ကောင်းမွန်လျက်ရှိသော်လည်း ရုရှား-ယူကရိန်းပဋိပက္ခတွင် တူရကီ၏ပါဝင်ပတ်သက် လာမှုနှင့်အတူ ယူကရိန်းနှင့်မောင်းသူမဲ့တိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်ရေးသဘော တူညီချက်တို့သည် ရုရှားနိုင်ငံအပေါ် တစ်ဖက်သတ်ရန်စသည့် လုပ်ရပ်တစ်ခုဖြစ်ခြင်း ကြောင့် တူရကီ-ယူကရိန်း ပူးပေါင်းဆောင်ရွက်မှုမှသည် တူရကီ-ရုရှားဆက်ဆံရေး တင်းမာမှုဆီသို့ ဦးတည်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment