Monday, February 28, 2022

တူရကီနှင့် ပါကစ္စတန်တို့သည် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များအား ပူးတွဲထုတ်လုပ်သွားမည်ဟု ကြေညာခဲ့ခြင်း

 

TheDefensePost; Feb-28 (Mon)

              တူရကီလေကြောင်းအာကာသစက်မှုလုပ်ငန်း (Turkish Aerospace Industries-TAI) သည် TF-X အမည်ရှိ ပဉ္စမမျိုးဆက်တိုက်လေယာဉ်အား ၂၀၃၀ ပြည့်နှစ် အစောပိုင်းတွင် တပ်ဖြန့်ချထားနိုင်ရန် ပါကစ္စတန်နိုင်ငံပိုင် ( Pakistan Aeronautical Complex PAC ) ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့သည် အဆိုပါစီမံကိန်းအား ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း TAI ၏ ဥက္ကဋ္ဌ တီမဲလ်ကိုတီ (Temel Kotil) က Aaj News သတင်းဌာနနှင့်တွေ့ဆုံ မေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး တိုက်လေယာဉ်ထုတ်လုပ်ရေး စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။ အဆိုပါ TF-X အမည်ရှိ ပဉ္စမမျိုးဆက် တိုက်လေယာဉ်အား လက်ရှိအသုံးပြုလျက်ရှိသော အမေရိကန်နိုင်ငံ လော့ဟိမာတင် (Lockheed Martin) ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ်များနေရာတွင် အစားထိုးသွား မည်ဖြစ်ပြီး နှစ်နိုင်ငံစစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည့်မီအောင် ဖြည့်ဆည်း တည်ဆောက်နိုင်မည်ဟု မျှော်မှန်းထားလျက်ရှိပါသည်။

              အထက်ပါနှစ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် TF-X တိုက်လေယာဉ် ရှေ့ပြေးပုံစံ တစ်ခုအား တည်ဆောက်သွားရန်နှင့် ၂၀၂၆ ခုနှစ်တွင် TF-X တိုက်လေယာဉ်၏ ပထမဆုံးပျံသန်းမှုအား စတင်လုပ်ဆောင်နိုင်ရန် စီစဉ်ထားပြီး ပါကစ္စတန်နိုင်ငံအနေဖြင့် ၂၀၄၇ ခုနှစ်တွင် ပဉ္စမမျိုးဆက်ဂျက်တိုက်လေယာဉ်တစ်အုပ်ပိုင်ဆိုင်နိုင်ရေး ရည်မှန်းချက်ထား  ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ထို့ပြင် TF-X စီမံကိန်းသည် ပါကစ္စတန်လေတပ် (Pakistan Air Force-PAF) တွင် ပထမဆုံးသော ပဉ္စမမျိုးဆက်တိုက်လေယာဉ်အား စတင်အသုံးပြုရန် ပထမဆုံးခြေလှမ်းလည်းဖြစ်ပါသည်။ TAI သည် TF-X တိုက်လေယာဉ် ထုတ်လုပ်ရေးစီမံကိန်းအား ဦးဆောင်မည်ဖြစ်ပြီး လေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၌  ပါကစ္စတန်နိုင်ငံမှ အင်ဂျင်နီယာများကို ငှားရမ်းအသုံးပြုသွားမည်ဖြစ်ပါသည်။ TAI သည် ၎င်း၏ပထမဆုံးရုံးခွဲအား ပါကစ္စတန်နိုင်ငံ National Science & Technology Park အမည်ရှိ ပထမဆုံးနည်းပညာဇုန်၌ ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ထို့ပြင် တူရကီနှင့် ပါကစ္စတန်နိုင်ငံတို့သည် ရဟတ်ယာဉ်များဝယ်ယူခြင်းနှင့် ဒရုန်းများတည်ဆောက်ခြင်း အပါအဝင် ကာကွယ်ရေးစီမံကိန်းများစွာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment