Tuesday, February 1, 2022
တူရကီနှင့် လက်ဘနွန်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဆိုခြင်း
Anadolu Agency; Feb-1 (Tue)
လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မစ်ကတီ (Najib Mikati) သည် ဖေဖော်ဝါရီလ ၁ ရက်တွင် တူရကီနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း တူရကီ အနေဖြင့် ဘေရွတ်ဆိပ်ကမ်းပြန်လည်တည်ဆောက်ရေးအပါအဝင် အခြေခံအဆောက်အအုံ ဆိုင်ရာစီမံကိန်းများအား တာဝန်ယူဆောင်ရွက်ပေးရန်အသင့်ရှိကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ လက်ဘနွန်နိုင်ငံ အက်ကာ (Akkar) ဒေသ၌ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တူရကီသည် လက်ဘနွန်သို့ ပထမဆုံးအကူအညီပေးအပ်ခဲ့သည့်နိုင်ငံဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ပါသည်။
ယခုအချိန်တွင်လည်း တူရကီအနေဖြင့် လက်ဘနွန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အထောက်အပံ့ပေးသွားရန် အသင့်ရှိကြောင်းနှင့် ကမ္ဘာ တစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုများ ဖြစ်ပွားခဲ့သော်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့မှုနှင့်အတူ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံအထိ ရှိခဲ့ကြောင်း အာဒိုဂန်က ဆက်လက်ပြောကြားခဲ့ ပါသည်။ လက်ဘနွန်နိုင်ငံအနေဖြင့် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူမှုရေးဆိုင်ရာနယ်ပယ် များတွင် အကျပ်အတည်းများနှင့် အဆိုးရွားဆုံးရင်ဆိုင်ရလျက်ရှိခြင်းကြောင့် လက်ဘနွန်တွင် တူရကီ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း ဝန်ကြီးချုပ် မစ်ကတီက ဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါသည်။ အထက်ပါတွေ့ဆုံမှုအတွင်း မစ်ကတီနှင့် အာဒိုဂန်တို့သည် တူရကီ-လက်ဘနွန် ပြီးပြည့်စုံသောဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ထပ်မံ လုပ်ဆောင်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Labels:
တူရကီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment