Webindia123;Feb-12(Sat)
ယူကရိန်းနယ်စပ်ဒေသတစ်လျှောက်တွင် စစ်ရေးတင်းမာမှုများမြင့်တက်နေစဉ် ကာလအတွင်း ပိုလန်နိုင်ငံသို့ အမေရိကန်တပ်ဖွဲ့ဝင်ဦးရေ ၃,၀၀၀ ကျော်စေလွှတ်သွားမည့် အမိန့်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က ထုတ်ပြန်ခဲ့ကြောင်း Webindia123 သတင်းဌာနက ဖေဖော်ဝါရီလ ၁၂ ရက်၌ ဖော်ပြ ခဲ့ပါသည်။ လွိုက်အော်စတင်၏အမိန့်အရ အမေရိကန်နိုင်ငံ၊ မြောက်ကယ်လီဖိုးနီးယား ပြည်နယ်၊ ဖော့ဒ်ဘရက် (Fort Bragg) မြို့ရှိ အမှတ် (၈၂) လေကြောင်းချီခြေလျင်တပ်မ ဌာနချုပ်မှ တပ်ဖွဲ့ဝင်ဦးရေ ၃,၀၀၀ ကျော်သည် ပိုလန်နိုင်ငံ၌ တပ်ဖြန့်ချထားခဲ့ပြီးဖြစ်သော အမေရိကန်တပ်ဖွဲ့ဝင် ၁,၇၀၀ ဦးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဌာနချုပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး လာမည့်သီတင်းပတ်အစောပိုင်း၌ ပိုလန်နိုင်ငံသို့ ရောက်ရှိနိုင်ဖွယ်ရှိပါသည်။
အလားတူ အမေရိကန်၊ အမှတ်(၁၈) လေကြောင်းချီတပ်ဖွဲ့ဌာနချုပ်မှ တပ်ဖွဲ့ဝင် ၃၀၀ ဦးသည်လည်း လွိုက်အော်စတင်၏အမိန့်အရ ဂျာမနီနိုင်ငံသို့ရောက်ရှိခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြထားခဲ့ပါသည်။ ထို့ပြင် အမေရိကန်နိုင်ငံသည် ဖေဖော်ဝါရီလ ၁၁ ရက်တွင်လည်း F-16 တိုက်လေယာဉ်အုပ် ၁ အုပ်ကို ဂျာမနီနိုင်ငံမှ ရိုမေးနီးယား နိုင်ငံသို့ ပြောင်းရွှေ့တပ်ဖြန့်ချထားခဲ့ခြင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းကဲ့သို့ တပ်ဖြန့် ချထားမှုများလုပ်ဆောင်ခဲ့ခြင်းသည် အရှေ့ဥရောပဒေသရှိ မြောက်အတ္တလန္တိတ်စာချုပ် အဖွဲ့ (North Atlantic Treaty Organization-NATO) အဖွဲ့ဝင်နိုင်ငံများကို ကာကွယ်ပေးမည့် ၎င်း၏ကတိကဝတ်များနှင့်အညီ မဟာမိတ်နိုင်ငံများအပေါ် လုံခြုံမှုပေးစွမ်းနိုင်စေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရက ပြောကြားထားခဲ့ပါသည်။ အမေရိကန် နိုင်ငံ၏ ထိုကဲ့သို့ဆောင်ရွက်ခဲ့မှုများသည် ယခင်ကထက်ပို၍ စိုးရိမ်မှုများဖြစ်ပေါ်လာနေ ခြင်းကြောင့်သာ ယခုကဲ့သို့လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာ (Maria Zakharova) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ရုရှားနိုင်ငံနှင့် အမေရိကန်ဦးဆောင်သည့် နေတိုးမဟာမိတ်နိုင်ငံများသည် စစ်အေးကာလကတည်းကပင် အားပြိုင်မှုများလုပ်ဆောင်ခဲ့ကြသလို လက်ရှိကာလတွင် လည်း ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ နှစ်ဖက်အကြား တင်းမာမှုများဖြစ်ပေါ်လျက်ရှိပါ သည်။ ထို့ကြောင့် ရုရှားသည် ရုရှား-NATO အဖွဲ့အကြား ထားရှိရန်လိုအပ်သည့် လုံခြုံရေးအာမခံချက်ဆိုင်ရာအဆိုပြုလွှာကို အမေရိကန်နှင့် NATO အဖွဲ့ဝင်နိုင်ငံများသို့ ပေးပို့ခဲ့ပါသည်။ ယူကရိန်းအရေးအပါအဝင် ရုရှား၏အဆိုပြုလွှာနှင့်စပ်လျဉ်း၍ ရုရှားနှင့် အနောက်နိုင်ငံများအကြား ဆွေးနွေးပွဲများအသီးသီးပြုလုပ်ခဲ့ကြသော်လည်း ကောင်းမွန် သည့်ရလဒ်များရရှိခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ ရုရှားနိုင်ငံသည် ၎င်း၏ တောင်းဆိုချက်များရရှိနိုင်ရေးနှင့် ယူကရိန်းနိုင်ငံအပေါ် စစ်ရေးအရ ဆက်လက်ဖိအား ပေးမှုများပြုလုပ်နိုင်ရေးတို့အတွက် ဇန်နဝါရီလမှစ၍ ယူကရိန်းနယ်စပ်အနီးတွင် စစ်ရေး လေ့ကျင့်မှုများ၊ စစ်ရေးတည်ဆောက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ပါသည်။ ရုရှား နိုင်ငံက စစ်ရေးတည်ဆောက်မှုများလုပ်ဆောင်လာသကဲ့သို့ နေတိုးအဖွဲ့ဝင် အနောက် နိုင်ငံများကလည်း ယူကရိန်းနိုင်ငံသို့ စစ်ရေးထောက်ပံ့မှုများ ပိုမိုပေးပို့လျက်ရှိပါသည်။ ထို့အတူ အမေရိကန်နိုင်ငံသည် ၎င်း၏ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ပိုလန်နိုင်ငံသို့ တပ်ဖွဲ့ဝင် ၁,၇၀၀ ဦးကို စေလွှတ်ထားရှိခဲ့ပြီးဖြစ်သော်လည်း ထပ်မံ၍ တပ်ဖွဲ့ဝင် ၃,၀၀၀ ဦး ကျော်အား စေလွှတ်သွားရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) က အမိန့်ထုတ်ပြန်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ၎င်းအပြင် ဥရောပ ဒေသသို့ ထပ်မံအင်အားဖြည့်စေလွှတ်နိုင်ရန် အမေရိကန်တပ်ဖွဲ့ဝင် ၈,၅၀၀ ဦးကို အသင့်ပြင်ဆင်ထားသည်ဟုလည်း သိရှိရပါသည်။ အမေရိကန်နည်းတူ ဗြိတိန်နိုင်ငံ ကလည်း ပိုလန်နိုင်ငံသို့ ကွန်မန်ဒိုတပ်ဖွဲ့ဝင် ၃၅၀ ဦးကို တိုးမြှင့်တပ်ဖြန့်ချထားပြီး ဖြစ်သကဲ့သို့ အက်စတိုးနီးယားနိုင်ငံတွင်လည်း တပ်ဖွဲ့ဝင်များတိုးမြှင့်ချထားနိုင်ရေး အတွက် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) သည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် NATO အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ဂျင်းစတိုတန်ဘာဂ့် (Jens Stoltenberg) နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ၎င်းကဲ့သို့ ယူကရိန်း နယ်စပ်တွင် နှစ်ဖက်စလုံးမှ စစ်ရေးတည်ဆောက်မှုများသည် အမြင့်ဆုံးအခြေအနေ တစ်ရပ်သို့ ရောက်ရှိလျက်ရှိနေသောကြောင့် အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်နှင့် ဩစတြေးလျနိုင်ငံတို့က ယူကရိန်းနိုင်ငံအတွင်းရှိ ၎င်းတို့၏နိုင်ငံသားများကို နိုင်ငံ အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် သတိပေးပြောကြားထားကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ အဆိုပါအခြေအနေများကြောင့် မကြာမီအချိန်ကာလအတွင်း ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို စတင်တိုက်ခိုက်မှုများပြုလုပ်လာနိုင်သည်ဟု ရှုမြင်သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသဖြင့် နှစ်ဖက်အကြားတွင် တင်းမာမှုများလျော့ကျစေပြီး စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားစေနိုင်မည့် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှု ရလဒ်များ အရေးတကြီးလိုအပ်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment