Thursday, March 3, 2022

အက်စတိုးနီးယားနိုင်ငံသား ဥရောပလွှတ်တော်အမတ်သည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲအား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ခြင်း

 

Estonianworld; Mar-3 (Thu)

              အက်စတိုးနီးယားနိုင်ငံသား ဥရောပလွှတ်တော် (European Parliament-Isamaa) အမတ်ဖြစ်သူ ရီဟိုတာရက်စ် (Riho Terras) သည် ဥရောပသမဂ္ဂနိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရယ်လ် (Josep Borrell) အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသည့်စာတစ်စောင်ကို ရေးသားပေးပို့သွားမည်ဖြစ်ကြောင်း Estonianworld သတင်းဌာနက မတ်လ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂျိုးဇက်ဘော်ရယ်လ်အနေဖြင့် ဖေဖော်ဝါရီလ ၂၇ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ယူကရိန်း နိုင်ငံအား တိုက်လေယာဉ်များပေးပို့သွားမည်ဟု ကတိပြုပြောကြားခဲ့သော်လည်း အမှန်တကယ် ပေးပို့ခြင်းမရှိသောကြောင့် အထက်ပါအတိုင်း ရာထူးမှနုတ်ထွက်ရေးတောင်းဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဂျိုးဇက်ဘော်ရယ်လ်သည် ယူကရိန်းအစိုးရ၏ တောင်းဆိုချက်အရ ရုရှား၏ လေကြောင်းနှင့် မြေပြင်မှတိုက်ခိုက်မှု များကို တုံ့ပြန်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများထံမှ တိုက်လေယာဉ်များ ယူကရိန်း နိုင်ငံသို့ ပေးပို့စေလွှတ်သွားမည်ဟု ကတိပြုပြောကြားခဲ့ပြီး ခဲယမ်းမီးကျောက်များ သာမက ပိုမိုထိရောက်သည့် လက်နက်များကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

              ဂျိုးဇက်ဘော်ရယ်လ်သည် ၎င်းကတိပြုထားသည့်အတိုင်း အဖွဲ့ဝင်နိုင်ငံများ ထံမှ တိုက်လေယာဉ်များအား ထောက်ပံ့ပေးပို့စေလွှတ်သွားမည်ဟု ဝန်ခံပြောကြား ခဲ့သော်လည်း ယူကရိန်းနိုင်ငံသည် လက်ရှိတွင် ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်များ အား အသုံးပြုလျက်ရှိသောကြောင့် ၎င်းအမျိုးအစားများအတိုင်း အသုံးပြုလျက်ရှိသည့် ပိုလန်၊ ဘူလ်ဂေးရီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့ကသာ ထောက်ပံ့ပေးပို့သွားနိုင် မည်ဖြစ်ပါသည်။ သို့သော် ဘူလ်ဂေးရီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့က အထက်ပါ ကဲ့သို့ တိုက်လေယာဉ်များ ယူကရိန်းနိုင်ငံသို့ စေလွှတ်ရန် သဘောတူညီထားခြင်းမရှိ ကြောင်းနှင့် ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) ကလည်း ပိုလန်နိုင်ငံ အနေဖြင့် ယူကရိန်းနိုင်ငံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးလျက်ရှိသော်လည်း ယူကရိန်းနိုင်ငံသို့ မည်သည့်တိုက်လေယာဉ်မျှ ပေးပို့ စေလွှတ်သွားမည်မဟုတ်ဟု မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ယူကရိန်းပြည်သူများကို လွန်စွာအမျက်ဒေါသဖြစ်စေခဲ့ပြီး ထိုကဲ့သို့ မှားယွင်းသည့်ကတိကဝတ် များကြောင့် ရီဟိုတာရက်စ်အနေဖြင့် ဂျိုးဇက်ဘော်ရယ်လ်အား ၎င်း၏ရာထူးမှနုတ်ထွက်ရန် အတွက် တောင်းဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment