Estonianworld; Mar-3 (Thu)
အက်စတိုးနီးယားနိုင်ငံသား ဥရောပလွှတ်တော် (European Parliament-Isamaa) အမတ်ဖြစ်သူ ရီဟိုတာရက်စ် (Riho Terras) သည် ဥရောပသမဂ္ဂနိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရယ်လ် (Josep Borrell) အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုသည့်စာတစ်စောင်ကို ရေးသားပေးပို့သွားမည်ဖြစ်ကြောင်း Estonianworld သတင်းဌာနက မတ်လ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
ယူကရိန်းနိုင်ငံအတွင်း ရုရှားက ဖေဖော်ဝါရီလ ၂၄ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် အမေရိကန်အပါအဝင် ဥရောပဒေသရှိ နိုင်ငံအများ အပြားသည် ယူကရိန်းအပေါ် စစ်လက်နက်ပစ္စည်းများ၊ စစ်ဝတ်တန်ဆာများ၊ ငွေကြေး များနှင့် ယူကရိန်းနိုင်ငံသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ထောက်ပံ့ပေးပို့ခဲ့ကြပါသည်။ ထို့ပြင် ဥရောပသမဂ္ဂနိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရယ်လ် (Josep Borrell) ကလည်း ဖေဖော်ဝါရီလ ၂၇ ရက်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ရုရှား၏လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကို တန်ပြန်တုံ့ပြန်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများထံမှ တိုက်လေယာဉ် များ ယူကရိန်းနိုင်ငံသို့ ပေးပို့စေလွှတ်သွားမည်ဟု ကတိပြုပြောကြားပြီး ခဲယမ်း မီးကျောက်များသာမက ပိုမိုထိရောက်သည့် လက်နက်များကိုလည်း ထောက်ပံ့ပေး လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်း၏ကတိပြုပြောကြားချက်အရ ယူကရိန်း နိုင်ငံအနေဖြင့် ဘူလ်ဂေးရီးယားနိုင်ငံမှ Mig-29 အမျိုးအစား တိုက်လေယာဉ် ၁၆ စီး နှင့် Su-25 အမျိုးအစား ၁၄ စီး၊ ပိုလန်နိုင်ငံမှ Mig-29 အမျိုးအစား ၂၈ စီးနှင့် ဆလိုဗက်ကီးယားနိုင်ငံမှ Mig-29 အမျိုးအစား တိုက်လေယာဉ် ၁၂ စီးလက်ခံရရှိမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ သို့သော် ဘူလ်ဂေးရီးယား နှင့် ဆလိုဗက်ကီးယားနိုင်ငံတို့က အဆိုပါကဲ့သို့ တိုက်လေယာဉ်များ ယူကရိန်းနိုင်ငံသို့ စေလွှတ်ရန်သဘောတူညီထားခြင်းမရှိကြောင်းနှင့် ပိုလန်နိုင်ငံအနေဖြင့်လည်း ယူကရိန်း နိုင်ငံအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထောက်ပံ့ပေးလျက် ရှိသော်လည်း ယူကရိန်းနိုင်ငံသို့ မည်သည့်တိုက်လေယာဉ်မျှ ပေးပို့စေလွှတ်သွား မည်မဟုတ်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ယူကရိန်းပြည်သူများသည် လွန်စွာအမျက်ဒေါသထွက်ခဲ့ပြီး ထိုကဲ့သို့ မှားယွင်းသည့် ကတိကဝတ်များကြောင့် ဂျိုးဇက်ဘော်ရယ်လ်အား ၎င်း၏ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြပါသည်။ ထို့ပြင် ယူကရိန်းသည် ရုရှား၏တိုက်ခိုက်မှု များကို ရင်ဆိုင်ရာ၌ ၎င်းတစ်နိုင်ငံတည်းသာဖြစ်နေကြောင်းနှင့် ရုရှားအပေါ် အမေရိကန်နှင့် အခြားနိုင်ငံများ၏တုံ့ပြန်မှုများမှာ အားနည်းလျက်ရှိကြောင်း ပြောကြားထားပါသည်။ သို့ဖြစ်၍ ယူကရိန်းနိုင်ငံသည် လက်ရှိအချိန်တွင် ရုရှား၏ထိုးစစ်ဆင်တိုက်ခိုက်မှုများအား တုံ့ပြန်တိုက်ခိုက်လျက်ရှိသော်လည်း အမေရိကန်နှင့်ဥရောပနိုင်ငံများအပါအဝင် နိုင်ငံတကာမှ ၎င်းတို့လိုအပ်သည့် ကူညီထောက်ပံ့မှုများမရရှိပါက ယူကရိန်းနိုင်ငံမှာ ဆိုးရွားသည့် အခြေအနေများနှင့် ကြုံတွေ့လာရနိုင်ဖွယ်သာရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment