Sunday, March 6, 2022

တူရကီနှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီးတို့သည် ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်း

 

Ahvalnews; Mar-6 (Sun)

              တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) သည် ရုရှား-ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်တစ်ရပ်ထူထောင်ခြင်းကို အပစ် အခတ်ရပ်စဲရေးအတွက် လိုအပ်သောနည်းလမ်းတစ်ရပ်အဖြစ်လုပ်ဆောင်ရန် လိုအပ် ကြောင်း မတ်လ ၆ ရက်တွင် ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

              ယူကရိန်းနိုင်ငံသို့ ရုရှားကျူးကျော်မှုမတိုင်မီ ယူကရိန်းနိုင်ငံရှိ ၎င်းတို့နိုင်ငံသား များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် အနောက်နိုင်ငံများက တိုက်တွန်းခဲ့သော်လည်း တူရကီနိုင်ငံသည်  ယူကရိန်းနိုင်ငံရှိ ၎င်း၏နိုင်ငံသားများအား အလားတူအကြံပေးခြင်းမျိုး ပြုလုပ်ခဲ့ခြင်းမရှိကြောင်း တွေ့ရပါသည်။ ရုရှားနိုင်ငံမှ ယူကရိန်းနိုင်ငံအား စတင် တိုက်ခိုက်ခဲ့ပြီးနောက် တူရကီနိုင်ငံသည် ၎င်း၏နိုင်ငံသားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမှုမတိုင်မီ အထက်ပါကဲ့သို့ အကြံပြုချက်အစား နိုင်ငံအရှေ့ပိုင်းဘက်ရှိ ဒွန်းဘတ်ခ်ဒေသသို့ ခရီးသွားလာခြင်းအား ရှောင်ကြဉ်ရန်သာ တိုက်တွန်းခဲ့ပါသည်။ သို့သော်လည်း တူရကီနိုင်ငံသည် ဥရောပရှိ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ၎င်း၏ နိုင်ငံသားများအား နေရပ်ပြန်ရေးအတွက် လုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်ရန် စီစဉ်ပေး ခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၃ ရက်အထိ ခန့်မှန်းခြေနိုင်ငံသား ၉,၆၅၃ ဦးအား ကယ်ဆယ် နိုင်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့ပါသည်။ မတ်လ ၅ ရက်အထိ နောက်ထပ်နိုင်ငံသား ၂၇၃ ဦးသည် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်းနှင့် မတ်လ ၆ ရက်တွင် တူရကီနိုင်ငံသား ၂၀၄ ဦး သည် ယူကရိန်းနိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက် ကာဗူဆိုဂလူ (Mevlut Cavusoglu) က ၎င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ဖော်ပြခဲ့ပါ သည်။ ယူကရိန်းနိုင်ငံတွင် တူရကီနိုင်ငံသား ၂၀,၀၀၀ ဦးခန့်ရှိသည်ဟု ခန့်မှန်းရပြီး ,၀၀၀ ဦးခန့်မှာ တက္ကသိုလ်ကျောင်းသားများဖြစ်ပါသည်။ ကျောင်းသားဦးရေမြင့်မားရခြင်း အကြောင်းရင်းမှာ တူရကီအထက်တန်းကျောင်းမှဘွဲ့ရများသည် ယူကရိန်းနိုင်ငံတွင် ဝင်ခွင့်စာမေးပွဲမဖြေဆိုရဘဲ တက္ကသိုလ်ဝင်ခွင့်ရပြီး အခြားဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လူနေမှုစရိတ်နည်းပါးခြင်းကြောင့်ဖြစ်ပါသည်။ ယူကရိန်းရှိ တူရကီနိုင်ငံသားအများစုသည် ကိယက်ဗ် (Kyiv) မြို့တော်တွင် နေထိုင်ကြပြီး ခါကိဗ် (Kharkiv)၊ အိုဒက်ဆာ (Odessa) နှင့် ဆမ်မီ (Sumy) မြို့များတွင်လည်း နေထိုင်ပါသည်။ ပင်လယ်နက် ကမ်းရိုးတန်းတွင်ရှိသော အိုဒက်ဆာမြို့တွင် နေထိုင်သောနိုင်ငံသားများအား ယူကရိန်း နိုင်ငံမှ ချက်ချင်းထွက်ခွာကြရန် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂ ရက်တွင် တောင်းဆိုခဲ့ပါသည်။ လက်ရှိအချိန်တွင် ယူကရိန်းနိုင်ငံ၌ အရပ်သားပြည်သူပေါင်း ၁.၅ သန်းခန့်ကျန်ရှိနေသေးကြောင်း ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့် တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာနှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက် စီရက်ခ်နီကော့ဗ် တို့သည် ယူကရိန်းနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအားဖြေလျှော့ရန် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့် လိုအပ်ချက် များအား ဆွေးနွေးခဲ့ခြင်းဖြစ်ပါသည်။ ယူကရိန်းနိုင်ငံရှိ တူရကီနိုင်ငံသားများနှင့် အပြစ်မဲ့ အရပ်သားများအား ကယ်ဆယ်နိုင်ရန်လည်းကောင်း၊ ယူကရိန်းနိုင်ငံတွင် ဖြစ်ပွားလျက် ရှိသောစစ်ပွဲအား ရပ်တန့်နိုင်ရန်လည်းကောင်း၊ စစ်ပွဲဖြစ်ပွားမှုအချိန်ကာလကြာလျှင် ယူကရိန်းနိုင်ငံနှင့် ပြည်သူများအပါအဝင် အိမ်နီးချင်းနိုင်ငံများသည်လည်း ဆိုးကျိုးများ အား ယခုလက်ရှိအခြေအနေထက်ပို၍ ခံစားလာရနိုင်ခြင်းကြောင့်လည်းကောင်း ရုရှား- ယူကရိန်းအပစ်အခတ်ရပ်စဲရေးအား ဆွေးနွေးညှိနှိုင်းရန်အတွက် လိုအပ်ချက်များအား မှန်းဆ၍ ဆွေးနွေးမှုပြုလုပ်ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment