Anadolu Agency; Mar-21 (Mon)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ယခုသီတင်းပတ်အတွင်းကျင်းပမည့် မြောက်အတ္တလန္တိတ်ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ အခြေအနေများနှင့်စပ်လျဉ်း၍ NATO အဖွဲ့အကြီးအကဲများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သမ္မတ၏ပြောရေး ဆိုခွင့်ရှိသူ အီဘရာဟင်ခါလင်း (Ibrahim Kalin) က မတ်လ ၂၁ ရက်တွင် ပြောကြားခဲ့ ပါသည်။ အဆိုပါထိပ်သီးအစည်းအဝေးတွင် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ အဆုံးသတ် နိုင်စေရေးအပါအဝင် မဟာမိတ်နိုင်ငံများအကြား ခိုင်မာအားကောင်းသည့်ဆက်ဆံရေးနှင့် စည်းလုံးညီညွတ်မှုများကို တိုးမြှင့်တည်ဆောက်သွားနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ခေါင်းဆောင် များက ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အာဒိုဂန်အနေဖြင့် ရုရှားနှင့် NATO အဖွဲ့အကြား ဆက်ဆံရေးအခြေအနေများ၊ ရုရှား-ယူကရိန်းစစ်ပွဲအပြီးဖြစ်ပေါ်လာနိုင်သည့် ဆက်ဆံရေး အခြေအနေများနှင့်စပ်လျဉ်းသည့် ၎င်း၏အမြင်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အနေဖြင့် တူရကီနိုင်ငံအပေါ် ယုံကြည်မှုရှိကြောင်း၊ တူရကီနိုင်ငံအနေဖြင့် နှစ်နိုင်ငံစေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်များကို အောင်မြင်မှု ရရှိအောင်လုပ်ဆောင်နိုင်ကြောင်းနှင့် တူရကီနိုင်ငံအနေဖြင့် ရုရှား၊ ယူကရိန်းတို့နှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ၎င်းနှစ်နိုင်ငံအကြား ဖြစ်ပေါ် လျက်ရှိသည့် သဘောထားကွဲလွဲမှုများကိုလည်း အတူတကွဖြေရှင်းနိုင်ရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီဘရာဟင်က ပြောကြားခဲ့ပါသည်။ တူရကီသမ္မတအာဒိုဂန်အနေဖြင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်လည်း တွေ့ဆုံ သွားရန်ဆန္ဒရှိကြောင်း ၎င်းကပြောကြားခဲ့သည်ဟု သိရှိရပါသည်၊၊
No comments:
Post a Comment