Thursday, March 17, 2022

ဗြိတိန်သည် ပိုလန်နိုင်ငံသို့ တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် စစ်ဘက်တပ်ဖွဲ့ဝင်များ ပေးပို့သွားရန်ရှိခြင်း

 

Thenationalnews;Mar-17 (Thu)

              ပိုလန်နိုင်ငံ၏ ဝေဟင်ပိုင်နက်အပေါ် ရုရှားနိုင်ငံမှ ဆောင်ရွက်လာနိုင်သည့် ကျူးကျော်ရန်စမှုမှန်သမျှကို ကာကွယ်နိုင်ရန်အတွက် ဗြိတိန်မှ ပိုလန်နိုင်ငံသို့ စစ်ဘက် တပ်ဖွဲ့ဝင် ၁၀၀ ဦးနှင့်အတူ Sky Sabre အမည်ရှိ တာလတ်ပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခု ပေးပို့သွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် (Ben Wallace) က မတ်လ ၁၇ ရက်တွင် ပြောကြားခဲ့ပါသည်။ ဗြိတိန် အနေဖြင့် ပိုလန်နိုင်ငံအားယခုကဲ့သို့ စစ်လက်နက်ပစ္စည်းများနှင့် စစ်ဘက်တပ်ဖွဲ့ဝင် များပေးပို့ခြင်းသည် ရုရှား-ယူကရိန်းပဋိပက္ခတွင် ကြီးလေးသည့် ဝန်ထုပ်ဝန်ပိုးများဖြင့် ရင်ဆိုင်နေရသည့် ပိုလန်အစိုးရ၏ တောင်းဆိုမှုအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝေါလေ့စ် က ဆက်လက်ပြောကြားခဲ့ပါသည်။

              ထို့ပြင် ဥရောပဒေသနယ်နိမိတ်များကို ကာကွယ်သည့်အနေဖြင့်  ဆောင်ရွက် ခြင်းဖြစ်ကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (Boris Johnson) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ Sky Sabre တာလတ်ပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ခုခံကာကွယ်နိုင်စွမ်းအပြည့်အဝရှိသည့် လက်နက်အမျိုးအစား ဖြစ်သည့်အတွက် ပိုလန်နိုင်ငံ၌ တပ်ဖြန့်ချထားစဉ်ကာလပတ်လုံး ဗြိတိန်၏ထိန်းချုပ် မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပိုလန်နယ်စပ်အနီး ယူကရိန်းနိုင်ငံ၊ ရာဗိုရိဗ် (Yavoriv) မြို့ရှိ စစ်အခြေစိုက်စခန်းအား ရုရှားနိုင်ငံမှ ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ် ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် NATO အဖွဲ့က ၎င်း၏အရှေ့ပိုင်းစစ်မျက်နှာကို ကာကွယ်ရန်အတွက် စစ်ဘက်တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့ပြီးနောက် ဗြိတိန်၏ လူနှင့်လက်နက်ပေးပို့မည့် အထက်ပါ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment