Tahrir2day; Mar-2 (Wed)
ဟန်ဂေရီနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက် ပစ္စည်းများ ထောက်ပံ့သွားမည်မဟုတ်ကြောင်းနှင့် ယူကရိန်းနိုင်ငံသို့ပေးပို့မည့် စစ်လက်နက် ပစ္စည်းများကိုလည်း ၎င်းတို့နိုင်ငံမှတစ်ဆင့် ဖြတ်သန်းပေးပို့ခွင့်ပြုမည်မဟုတ်ကြောင်းဖြင့် ရုရှား-ယူကရိန်းစစ်ပွဲနှင့်စပ်လျဉ်း၍ ဟန်ဂေရီနိုင်ငံ၏ရပ်တည်ချက်အား နိုင်ငံခြားရေး ဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က မတ်လ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ယူကရိန်းနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာနိုင်သော လက်နက်ကိုင်အဖွဲ့များအား ကာကွယ်တားဆီးနိုင်ရေးအတွက် နိုင်ငံ၏အရှေ့ပိုင်း နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့ဝင် များ ထပ်မံတပ်ဖြန့်ချထားပြီးဖြစ်ကြောင်း ဆီဂျာတိုက ဆက်လက်ပြောကြားခဲ့ပါသည်။ စစ်လက်နက်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းသည် တိုက်ခိုက်မှုများလုပ်ဆောင်ရန် အတွက် လွယ်ကူသောပစ်မှတ်များဖြစ်လာစေနိုင်ကြောင်းနှင့် ပဋိပက္ခဖြစ်ပွားစဉ်အတွင်း အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံအနောက်ပိုင်းတွင် နေထိုင်သည့် ဟန်ဂေရီလူမျိုးများအပါအဝင် နိုင်ငံသားအားလုံးကို ကာကွယ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
လတ်တလောဖြစ်ပွားလျက်ရှိသည့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား အပြန် အလှန်ရန်လိုတိုက်ခိုက်မှုများအား ရပ်တန့်ရန်တောင်းဆိုခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် လက်ရှိ ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများကို သံတမန်ရေးနည်းလမ်းအရ ဆက်လက်ဖြေရှင်း ဆောင်ရွက်သွားသင့်ကြောင်း ဆီဂျာတိုက တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့နိုင်ငံအနေဖြင့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြားပြုလုပ်မည့် ဆွေးနွေးပွဲများ ကိုလည်း အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးရန်နှင့် ဆွေးနွေးပွဲကျင်းပမည့်နေရာကိုလည်း အသင့်ပြင်ဆင်ထားရှိကြောင်း ဆီဂျာတိုက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment