Global News; Mar-13 (Sun)
မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) အဖွဲ့ဝင် ပိုလန်နိုင်ငံနယ်စပ်မှ ၁၅ မိုင်အကွာအဝေးတွင်ရှိသော ယူကရိန်းနိုင်ငံ အနောက်ဘက်၊ လပ်ဗစ် (Lviv) ဒေသရှိ စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သည့် ယာဗာရိဗ်လုံခြုံရေးနှင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာစင်တာ (Yavoriv International Centre for Peacekeeping and security) ကို ရုရှားစစ်ဘက်က မတ်လ ၁၃ ရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုကြောင့် ၃၅ ဦး သေဆုံးခဲ့ပြီး ၁၃၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားခဲ့သည်ဟု Global News သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါစစ်အခြေစိုက် စခန်းသည် ပြည်ပနိုင်ငံများက ယူကရိန်းတိုက်ခိုက်ရေးသမားများကို လေ့ကျင့်သင်ကြား ပေးသောနေရာတစ်ခုဖြစ်ပြီး ၎င်းစခန်း၌ နိုင်ငံခြားသင်တန်းနည်းပြများ တာဝန်ထမ်းဆောင် လျက်ရှိကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါသည်။ အဆိုပါတိုက်ခိုက်မှုသည် အနောက်နိုင်ငံများမှ ယူကရိန်းနိုင်ငံသို့ ပေးပို့သောလက်နက် ယာဉ်တန်းများကို တရားဝင်စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ရုရှား နိုင်ငံက သတိပေးပြောကြားခဲ့ပြီး နောက်တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
ရုရှားစစ်ဘက်အနေဖြင့် ၎င်းစစ်အခြေစိုက်စခန်းကို ပစ်မှတ်အားတိကျစွာပစ်ခတ် နိုင်သောနည်းပညာမြင့် တာဝေးပစ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံသို့ ပြည်ပနိုင်ငံများမှထောက်ပံ့ပေးထားသော စစ်လက်နက် ပစ္စည်းအများအပြားကို ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် နိုင်ငံခြားကြေးစားတပ်ဖွဲ့ဝင် ၁၈၀ ဦး ကျော်အား သုတ်သင်နိုင်ခဲ့ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားခဲ့ပါသည်။ ရုရှားစစ်ဘက်၏ အဆိုပါတိုက်ခိုက်မှုသည် စစ်ရေးအရှိန်တိုးမြင့်စေမည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဗြိတိန်နိုင်ငံက ပြောကြားထားပြီး အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဘန် (Jake Sullivan) ကလည်း NATO အဖွဲ့၏ ပိုင်နက် နယ်မြေအပေါ် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ပြုလုပ်လာပါက NATO အဖွဲ့၏ ပြင်းထန်သောတုံ့ပြန်မှုနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယူကရိန်း နိုင်ငံကို ရုရှားနိုင်ငံက တိုက်ခိုက်မှုများ မပြုလုပ်မီကာလတွင် အနောက်နိုင်ငံများနှင့် ယူကရိန်းနိုင်ငံတို့သည် အထက်ပါစစ်အခြေစိုက်စခန်း၌ စစ်ရေးလေ့ကျင့်မှုများစွာ ပြုလုပ် ခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment