Trtworld; Mar-9 (Wed)
ယူကရိန်းနိုင်ငံတွင်အသုံးပြုရန် ၎င်း၏ MiG-29 ဂျက်တိုက်လေယာဉ်များအား ဂျာမနီနိုင်ငံရှိ Ramstein အမေရိကန်လေတပ်အခြေစိုက်စခန်းသို့ ပေးပို့သွားမည်ဟူသော ပိုလန်နိုင်ငံ၏ မတ်လ ၈ ရက်အစောပိုင်းက အဆိုပြုချက်ကို အမေရိကန်ပင်တဂွန် စစ်ဌာနချုပ်က ပယ်ချခဲ့ကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့ပါသည်။
သုံးသပ်ချက်
ပိုလန်သမ္မတနှင့်အစိုးရအကြား ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ပိုလန် အာဏာပိုင်များသည် ၎င်းတို့၏ MiG-29 ဂျက်တိုက်လေယာဉ်များအား ဂျာမနီနိုင်ငံရှိ Ramstein အမေရိကန်လေတပ် အခြေစိုက်စခန်းသို့ပေးပို့၍ တပ်ဖြန့်ရန် အသင့်ဖြစ် နေပြီဖြစ်ကြောင်းနှင့် ၎င်းဂျက်လေယာဉ်အားလုံးကို အမေရိကန်အစိုးရမှ လိုအပ်သလို အသုံးပြုနိုင်ရန် ထားရှိသွားမည်ဖြစ်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၈ ရက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပါသည်။ ပိုလန်အစိုးရသည် MiG-29 ဂျက်တိုက်လေယာဉ် များ၏ ပိုင်ရှင်များဖြစ်သော အခြား NATO မဟာမိတ်နိုင်ငံများအနေဖြင့်လည်း ၎င်းတို့ ကဲ့သို့ တူညီသောလုပ်ဆောင်မှုအားလုပ်ဆောင်ရန် တောင်းဆိုခဲ့ပါသည်။ အလားတူ နေ့မှာပင် အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်သည် ပိုလန်နိုင်ငံ၏ အထက်ပါအဆိုပြုချက် အား လက်ခံရန်ငြင်းပယ်ခဲ့ပြီး ၎င်းအစီအစဉ်သည် ရုရှားနိုင်ငံနှင့်တိုက်ခိုက်မှု ပိုမို ပြင်းထန်လာနိုင်သဖြင့် NATO မဟာမိတ်နိုင်ငံအများအတွက် စိုးရိမ်မှုအလွန်မြင့်တက် လာနိုင်ကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့ပါသည်။ အဆိုပါကိစ္စနှင့် ယူကရိန်းသို့ ခက်ခဲသောထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ စိန်ခေါ်မှုများအား ပိုလန်နိုင်ငံ၊ အခြားသော NATO မဟာမိတ်နိုင်ငံများနှင့် တိုင်ပင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သော်လည်း ပိုလန်၏အဆိုပြုချက်သည် ခိုင်လုံသောအကြောင်းအရင်းမဟုတ်ကြောင်း ဂျွန်ကာဘီက ပြောကြားခဲ့ပါသည်။ ယူကရိန်းလေတပ်ကို ထောက်ပံ့ကူညီခြင်းသည် ပဋိပက္ခတွင်ပါဝင်ခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံကသတ်မှတ်ထားပြီး ထောက်ပံ့ကူညီသည့်နိုင်ငံများအပေါ် လက်တုံ့ပြန်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံက ပြောကြားခဲ့ပါသည်။ နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် ရုရှားနိုင်ငံနှင့် တိုက်ရိုက်ပဋိပက္ခကိုမလိုလားကြောင်း NATO တာဝန်ရှိသူများက ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ယူကရိန်း နိုင်ငံရှိ မြေပြင်နှင့် လေကြောင်းပျံသန်းရေးမစ်ရှင်များသို့ အမေရိကန်တပ်များ စေလွှတ် တိုက်ခိုက်ရန်နှင့်ပတ်သက်၍လည်း ငြင်းဆိုထားသည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ဖော် ပြောကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ အမေရိကန်အနေဖြင့် ပိုလန်နိုင်ငံ၏ အဆိုပြုချက်အား ယခုကဲ့သို့ ငြင်းပယ်ရခြင်းမှာ ရုရှား-ယူကရိန်းစစ်ပွဲအား ပိုမိုမကြီးထွားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားရှိသော်လည်း နောက်ကွယ်တွင် ကာကွယ်ရေးဆိုင်ရာထောက်ပံ့မှုများအား အသင့်ပြင်ဆင်ထားရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment