Webindia123; Mar-8 (Tue)
ယူကရိန်း၊ ဂျော်ဂျီယာနှင့် မော်ဒိုဗာနိုင်ငံတို့အား ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများအဖြစ်လက်ခံရေးအတွက် ဆန်းစစ်မှုများပြုလုပ်ရန် ဥရောပသမဂ္ဂသံအမတ် များက မတ်လ ၇ ရက်တွင် သဘောတူညီခဲ့ကြကြောင်း Webindia123 သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါ ၃ နိုင်ငံအား EU အဖွဲ့ဝင်ဖြစ်ရေး အဆိုပြုလွှာ လျှောက်ထား ခြင်းနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ရယူရန်အတွက် EU ကော်မရှင်အား ဖိတ်ကြားရန် အတွက်လည်း ဥရောပသမဂ္ဂသံအမတ်များက သဘောတူညီခဲ့ကြကြောင်း EU ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသည့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) က ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံအနေဖြင့် EU အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေကြောင်း ပြောကြားမှုများထွက်ပေါ်လာပြီးနောက် ဂျော်ဂျီယာနှင့် မော်ဒိုဗာ နိုင်ငံတို့က EU သို့ ဝင်ရောက်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခများဖြစ်ပွားလာခြင်းကြောင့် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်းများ ဖြစ်သော ဂျော်ဂျီယာနှင့် မော်ဒိုဗာနိုင်ငံတို့သည် EU သို့ဝင်ရောက်ရန် လုပ်ဆောင် လာခြင်းဖြစ်ပြီး ပြီးခဲ့သည့်သီတင်းပတ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံရန် EU သို့ လျှောက်ထားခဲ့ခြင်းဖြစ်ပါသည်။
EU အဖွဲ့ဝင်ဖြစ်ရေးအတွက် လျှောက်ထားမှုသည် ဘုံဥရောပမိသားစုဝင် အဖြစ် ဝင်ရောက်နိုင်ရေးကို ရည်ရွယ်ခြင်းဖြစ်ပြီး ဥရောပပေါင်းစည်းမှု လမ်းကြောင်း အတွက် မှတ်တိုင်သစ်တစ်ခုဖြစ်ကြောင်း ဂျော်ဂျီယာ၀န်ကြီးချုပ် အီရာကလီ ဂါရီ ဘာရှဗီလီ (Irakli Garibashvili)က ပြောကြားခဲ့ပါသည်။ ၎င်းတို့နိုင်ငံအနေဖြင့် အဖွဲ့ဝင် နိုင်ငံအဖြစ် လက်ခံရေးလျှောက်ထားမှုအား မတ်လ ၃ ရက်တွင် လက်မှတ်ရေးထိုး၍ EU အားပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မော်ဒိုဗာသမ္မတ မီယာဆန်ဒူ (Maia Sandu) က ပြောကြားခဲ့ပါသည်။ ထိုသို့ မော်ဒိုဗာနှင့် ဂျော်ဂျီယာနိုင်ငံတို့၏ အနောက်နိုင်ငံများနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ဆောက်ရန်ကြိုးပမ်းမှုသည် ရုရှားနိုင်ငံအား အနှောင့်အယှက်ဖြစ်ပေါ်စေလျက်ရှိပါသည်။ ထို့ပြင် ဂျော်ဂျီယာနှင့် မော်ဒိုဗာနိုင်ငံတို့သည် EU နှင့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်များကိုလက်မှတ်ရေးထိုးထားသည့်နိုင်ငံများဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment