Ekurd.net; May-2 (Sun)
တူရကီကာကွယ်ရေးဝန်ကြီးသည် အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသအတွင်း တပ်စွဲထားသည့် ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Workers’ Party-PKK) အမည်ရှိ အကြမ်းဖက်အဖွဲ့အား စစ်ဆင်ရေးများဆောင်ရွက်လျက်ရှိသည့် တူရကီတပ်ဖွဲ့၏ တပ်မှူး များနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) သည် စစ်ဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်တို့နှင့်အတူ အီရတ်နိုင်ငံမြောက်ပိုင်းရှိ Bilic Tepe စစ်အခြေစိုက်စခန်းသို့ သွားရောက်လည်ပတ်ခဲ့ခြင်းလည်းဖြစ်ပါသည်။ တူရကီ နိုင်ငံသည် Claw-Lightning နှင့် Claw-Thunderbolt အမည်ရှိ စစ်ဆင်ရေးများအား အောင်မြင်စွာဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါစစ်ဆင်ရေးများကြောင့် PKK တပ်ဖွဲ့ဝင် ၄၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း ဟူလူဆီအကာက ပြောကြားခဲ့ပါသည်။
တူရကီစစ်ဘက်အနေဖြင့် ဒိုဟတ် (Duhok) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြောက်ပိုင်းနယ်စပ်အနီးရှိ မီတီနာ (Metina) နှင့် အဗာရှင်း (Avashin) ဒေသများ၌ တပ်စွဲထားသည့် PKK အကြမ်းဖက်အဖွဲ့များအားပစ်မှတ်ထားသည့် စစ်ဆင်ရေးအသစ် များအား ဧပြီလ ၂၄ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ PKK အဖွဲ့၏ မြေပြင် ထိုးစစ်ဆင်မှုများပြုလုပ်ခြင်းကြောင့် အနည်းဆုံးတူရကီတပ်ဖွဲ့ဝင် ၃၈ ဦးအထိ သေဆုံး ခဲ့ကြောင်း PKK အကြမ်းဖက်အဖွဲ့က ပြောကြားခဲ့ပါသည်။ PKK အဖွဲ့ဝင်များအား တူရကီနှင့် ဆီးရီးယားနိုင်ငံများသို့ဝင်ရောက်ခွင့်ကို ကန့်သတ်နိုင်ရန်အတွက် Metina နယ်မြေတွင် စစ်အခြေစိုက်စခန်းအသစ်တစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း တူရကီ ပြည်ထဲရေးဝန်ကြီး ဆူလေမန်းဆွိုင်းလူ (Suleyman Soylu) က ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ကာဒစ္စတန်ဒေသနှင့် အီရတ်နယ်နိမိတ်အတွင်း၌ တူရကီနိုင်ငံ၏ စစ်ဘက် ဆိုင်ရာအခြေစိုက်စခန်း ၃၇ ခုအထိရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment