Middle East Eye; May-18 (Tue)
အမေရိကန်သည် တူရကီလေကြောင်းလုပ်ငန်း (Turkish Aerospace Industry-TAI) မှ ထုတ်လုပ်သည့် T-129 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၆ စီးအား ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ရောင်းချမည့်အစီအစဉ်အပေါ် ခွင့်ပြုပေးခဲ့ကြောင်း တူရကီအစိုးရက မေလ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ T-129 ရဟတ်ယာဉ်များအား အမေရိကန် Honeywell ကုမ္ပဏီနှင့် ဗြိတိန်နိုင်ငံ၏ Rolls-Royce ကုမ္ပဏီတို့မှ ဖက်စပ်ထုတ်လုပ်ထားသည့် LHTEC T800-4A အမျိုးအစား ခေတ်မီအင်ဂျင် ၂ လုံး တပ်ဆင်အသုံးပြုထားပါသည်။ တူရကီအစိုးရသည် T-129 ရဟတ်ယာဉ်များအတွက် လိုအပ်သည့်အင်ဂျင်များဝယ်ယူရန် တင်သွင်းခွင့်လိုင်စင်ကို ၂၀၁၉ ခုနှစ်က ရရှိခဲ့ခြင်းဖြစ်ပါသည်။ အမေရိကန်ဥပဒေအရ နေတိုးအဖွဲ့ဝင် နိုင်ငံခြား ကုမ္ပဏီများအနေဖြင့် စစ်လက်နက်ပစ္စည်းများတင်ပို့ရောင်းချရာ၌ အမေရိကန်အစိုးရ၏ ခွင့်ပြုချက်ရရှိရန်လိုအပ်ပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် လွှတ်တော် အတွင်း တူရကီနိုင်ငံနှင့် မည်သည့်စစ်ဘက်ဆိုင်ရာ သဘောတူညီမှုများကိုမှ လုပ်ဆောင် ခြင်းမပြုရန် အငြင်းပွားမှုများပေါ်ပေါက်နေသော်လည်း တူရကီ၏လက်နက်တင်ပို့ ရောင်းချမှုအပေါ် တိုက်ရိုက်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါသည်။
နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူအသုံးပြုရန် ကြိုးပမ်းလုပ်ဆောင်လာ မှုကြောင့် သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) လက်ထက်တွင် အမေရိကန်နှင့် တူရကီအကြား တင်းမာမှုများ မြင့်တက်လာခဲ့ပါသည်။ ထို့နောက် အမေရိကန်သည် တူရကီ၏ အဆိုပါလုပ်ဆောင်မှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် F-35 ဂျက် တိုက်လေယာဉ်ထုတ်လုပ်မှုအစီအစဉ်မှ တူရီကီနိုင်ငံအား ထုတ်ပယ်ခဲ့ပါသည်။ အမေရိကန်ဥပဒေအရ အစိုးရအနေဖြင့် နေတိုးမဟာမိတ်နိုင်ငံများနှင့် အမေရိကန် ဒေါ်လာ ၂၅ သန်းနှင့် အထက်တန်ဖိုးရှိသော အရေးပါသည့်စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချမှုအား ပြုလုပ်မည်ဆိုပါက လွှတ်တော်သို့အဆိုပြုအကြောင်းကြား သွားရမည်ဖြစ်ပါသည်။ အမေရိကန်လွှတ်တော်သည် နှစ်နိုင်ငံအကြား နိုင်ငံရေး ဆိုင်ရာတင်းမာမှုများနှင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) အပေါ် မလိုမုန်းထားမှုများကြောင့် တူရကီ၏ လက်နက်တင်ပို့ရောင်းချ မည့်အစီအစဉ်အပေါ် သဘောတူခွင့်ပြုသွားမည်မဟုတ်ဟု တူရကီအစိုးရက ယုံကြည် ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment