Tuesday, June 1, 2021

အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့၏ ထိပ်သီးအရာရှိများသည် ကိုဆိုဗိုသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း

ABC;May-31(Mon)

    ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား ပုံမှန်ဆက်ဆံရေးပြန်လည်တည်ဆောက် နိုင်ရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲပြန်လည်စတင်နိုင်ရန်အတွက် မေလ ၃၁ ရက်၌ အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့တို့မှ ထိပ်သီးသံတမန်များ ကိုဆိုဗိုသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ကြပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိ တစ်ဦးဖြစ်သူ မက်သော်ပယ်မာ (Matthew Palmer) သည် အတိုက်အခံ ကိုဆိုဗို ဒီမိုကရက်တစ်အဖွဲ့ချုပ်ပါတီ (Kosovo Democratic League Party) မှ ခေါင်းဆောင် များနှင့်တွေ့ဆုံရန် ကိုဆိုဗိုသို့ ၃ ရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်းဖြစ်ပါ သည်။ ဆားဘီးယား-ကိုဆိုဗို ဆွေးနွေးပွဲဖြစ်မြောက်ရေးဆိုင်ရာ ဥရောပသမဂ္ဂသံတမန်

    မီရိုဆလဗ်လာကခ် (Miroslav Lajcak) သည်လည်း ကိုဆိုဗိုရှိ ထိပ်သီးနိုင်ငံရေးသမား များနှင့်တွေ့ဆုံရန် ကိုဆိုဗိုနိုင်ငံသို့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးအဖြစ် ကြိုတင်ရောက်ရှိ လျက်ရှိပါသည်။ ဝန်ကြီးချုပ် အယ်ဘင်ကာတီ (Albin Kurti) ဦးဆောင်သော ကိုဆိုဗို အစိုးရသစ်အနေဖြင့် အဆိုပါသံတမန်များနှင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး ကိစ္စရပ်များအား အဓိကထားဆွေးနွေးသွားမည်ဖြစ်ပြီး ဆားဘီးယားနိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ရေးအား ဦးစားပေးအနေဖြင့် ထည့်သွင်းဆွေးနွေးသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

    ဥရောပသမဂ္ဂဦးဆောင်သည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့များသည် ဆားဘီးယား နိုင်ငံနှင့် ကိုဆိုဗိုအကြား ဆက်ဆံရေးပုံမှန်ဖြစ်လာစေရန် ဆွေးနွေးမှုများအား လွန်ခဲ့သော ဆယ်စုနှစ်မှစတင်လုပ်‌ဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် ဆွေးနွေးမှုအား ရပ်တန့်ခဲ့ပါသည်။ မီရိုဆလဗ်လာကခ်နှင့် မက်သော်ပယ်မာတို့သည် အနောက်ဘက်ဘော်ကန်ဒေသအရေးကိစ္စအပါအဝင် ဆားဘီးယား-ကိုဆိုဗိုအရေးတို့ အား ဆွေးနွေးရန်အတွက် ပြီးခဲ့သည့်သီတင်းအပတ်အတွင်းကလည်း ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussel) မြို့၌ တွေ့ဆုံခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ဆားဘီးယား နှင့် ကိုဆိုဗိုတို့အကြား ပုံမှန်ဆက်ဆံရေးပြန်လည်ဖြစ်ပေါ်စေရေးသည် ဥရောပ-အတ္တလန္တိတ် အဖွဲ့အစည်းများ (Euro-Atlantic institutions) ပိုမိုပေါင်းစည်းရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment