Sunday, August 14, 2022

ပိုလန်သည် ရုရှားနိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်းကို ရပ်တန့်မည်ဟု ကြေညာခဲ့ခြင်း

 

Uawire; Aug-14 (Sun)

              ပိုလန်သည် ရုရှားနိုင်ငံသားများအား ဗီဇာထုတ်ပေးခြင်းကို ရပ်တန့်သွားမည်ဟု ကြေညာခဲ့ပါသည်။ ရုရှားနိုင်ငံသားများကို ဥရောပသမဂ္ဂမှ ဗီဇာငြင်းပယ်ခွင့်ပြုမည့် လုပ်ထုံးလုပ်နည်းကိုလည်း ပိုလန်အာဏာပိုင်များက လုပ်ဆောင်လျက်ရှိကြောင်း ပိုလန် နိုင်ငံခြားရေးဌာန လက်ထောက်အကြီးအကဲ ပီတာဝေါဇစ် (Piotr Wawrzyk) က ပြောကြား ခဲ့ပါသည်။ ပီတာဝေါဇစ်၏ ပြောကြားချက်အရ လာမည့်ရက်သတ္တပတ်များအတွင်း အဆိုပါ ကိစ္စအား ဆုံးဖြတ်ချက်ချမှတ်သွားမည်ဖြစ်ကြောင်း Uawire သတင်းဌာနက ဖော်ပြခဲ့ပါ သည်။ အထူးသဖြင့် ပိုလန်သည် ရုရှားနိုင်ငံသားများအတွက် ခရီးသွားဗီဇာပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးရေးသဘောတူညီချက်ကို ဆိုင်းငံ့ထားရန်နှင့် ဥရောပ သမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို တိုးချဲ့ရန်လိုလားကြောင်း ပီတာဝေါဇစ်က ပြောကြား ခဲ့ပါသည်။ သို့ရာတွင် ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံတို့က ပိုလန်၏အစီအစဉ်အား ကန့်ကွက်ခဲ့ခြင်းကြောင့် ပိုလန်နိုင်ငံအနေဖြင့် လုပ်ထုံးလုပ်နည်းအသစ်ကို ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

              ထို့ပြင် ပိုလန်နိုင်ငံသည် ရုရှားနိုင်ငံသားများကို ခရီးသွားဗီဇာမထုတ်ပေးသည်မှာ လအတော်ကြာပြီဟု ပီတာဝေါဇစ်က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ခြွင်းချက်အနေဖြင့် ထရပ်ကားမောင်းသူများ၊ သံတမန်များကဲ့သို့ လုပ်ငန်းတာဝန်အတွက် ပိုလန်-ရုရှား နယ်စပ်ကိုဖြတ်ကျော်ရန် လိုအပ်သူများကိုသာ ခရီးသွားဗီဇာထုတ်ပေးခဲ့ပါသည်။ အဆိုပါ ထုတ်ပေးသူစာရင်းတွင် ပိုလန်နိုင်ငံသားကတ်ရှိသူများ၊ ပိုလန်နိုင်ငံနှင့် အခြားဥရောပ သမဂ္ဂနိုင်ငံများ၏ မိသားစုဝင်ရှိသူများလည်း ပါဝင်ခဲ့ပါသည်။ အက်စ်တိုးနီးယားအစိုးရ သည်လည်း ရှန်ဂန် (Schengen) ဗီဇာဖြင့် ရုရှားနိုင်ငံသားများအား နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုဟု ဩဂုတ်လ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့အတူ လစ်သူရေးနီးယား၊ လတ်ဗီးယား၊ ချက်သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီးယားအာဏာပိုင် များကလည်း ရုရှားနိုင်ငံသားများကို ဗီဇာထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်အားပိတ်ပင်ရန် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံသား များအား ရှန်ဂန်ဗီဇာထုတ်ပေးခြင်းကို ရပ်တန့်ရန်မှာခက်ခဲကြောင်း ဂျာမနီဝန်ကြီးချုပ် အိုလ်လက်ဖ်ရှို (Olaf Scholz) က ပြောကြားခဲ့ပါသည်။ ရုရှား-ယူကရိန်း စစ်ရေး ပဋိပက္ခတွင် တာဝန်ရှိသူများမှာ ရုရှားနိုင်ငံသားသာမန်ပြည်သူများမဟုတ်ဘဲ ရုရှား အာဏာပိုင်များသာဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment