Thursday, August 18, 2022

တူကီယဲသမ္မတနှင့် အစ္စရေးဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးခဲ့ခြင်း

 

Xinhua; Aug-18(Thu)

              တူကီယဲနှင့်အစ္စရေးနိုင်ငံတို့သည် နှစ်နိုင်ငံသံတမန်များ ပြန်လည်ခန့်အပ်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်းကြေညာခဲ့ပြီးနောက် တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် အစ္စရေးဝန်ကြီးချုပ် ရယ်လာပစ် (Yair Lapid) တို့သည် ဩဂုတ်လ ၁၇ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ၎င်းတို့နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး နှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း သမ္မတ အာဒိုဂန်သည် အစ္စရေးသမ္မတ အိုင်ဆက်ဟာဇော့ (Isaac Herzog) နှင့် အစ္စရေးဝန်ကြီးချုပ်တို့၏ တူကီယဲသို့လာရောက်လည်ပတ်စဉ် သဘောတူညီမှုရရှိခဲ့သည့်မူဘောင်အတွင်း တူကီယဲ-အစ္စရေးဆက်ဆံရေးတိုးတက်လာမှုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်ဟု တူကီယဲသမ္မတရုံးက ကြေညာချက် ထုတ်ပြန် ခဲ့ပါသည်။ အစ္စရေးနှင့် တူကီယဲတို့အကြား ရေရှည်တည်တံ့သည့်ပူးပေါင်းဆောင်ရွက်မှုနှင့် တွေ့ဆုံဆွေးနွေးမှုများ တိုးတက်လာစေရေးအတွက် ၎င်းအနေဖြင့် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အစ္စရေးနိုင်ငံဆိုင်ရာ တူကီယဲသံအမတ်အသစ်ခန့်အပ်ရန်လည်း ချက်ချင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

              ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ပိတ်ဆို့ထားမှုကို ဖောက်ဖျက်ရန်ကြိုးပမ်းသည့် တူကီယဲဦးဆောင်သောရေယာဉ်စုနှင့် အစ္စရေးတပ်ဖွဲ့တို့ အကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားစဉ်အတွင်း တူကီယဲနိုင်ငံသား ၁၀ ဦးသေဆုံး ခဲ့ပြီးနောက် အစ္စရေးနှင့် တူကီယဲတို့အကြား ဆက်ဆံရေးတင်းမာမှုများ စတင်ဖြစ်ပေါ် လာခဲ့ပါသည်။ အလားတူပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် အစ္စရေးနိုင်ငံ၊ မြို့တော် ဂျေရုဆလင်၌ အမေရိကန်သံရုံးဖွင့်လှစ်ခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများအတွင်း ပါလက်စတိုင်း ၆၀ ဦးသေဆုံးမှုနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ရာမှတစ်ဆင့် ၎င်းတို့ နှစ်နိုင်ငံသည် သံတမန်များကို အပြန်အလှန်နှင်ထုတ်ခဲ့ကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် တူကီယဲနှင့် အစ္စရေးတို့သည် ပြီးခဲ့သည့်လများအတွင်း ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီးနောက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် သံတမန် ဆက်ဆံရေး အပြည့်အဝပြန်လည်ထူထောင်ရန်နှင့် သံတမန်များပြန်လည်ခန့်အပ်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment