Saturday, August 27, 2022

ပိုလန်သည် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစွ္စည်းဝယ်ယူရေးသဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ခြင်း

Yonhap; Aug-27(Sat)

ပိုလန်နိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စစ်ဘက် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ဒေသတွင်းခြိမ်းခြောက်မှုအန္တရာယ်များအား ကာကွယ် တားဆီးနိုင်ရေး ကြိုးပမ်းမှုအဖြစ် ဩဂုတ်လ ၂၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းဝယ်ယူရေးသဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား ပိုလန်ကာကွယ်ရေးဝန်ကြီး မာရွတ်ဇ်ဘလက်ဇ်က် (Mariusz Blaszczak) နှင့် တောင်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေးပစ္စည်းဝယ်ယူရောင်းချရေး အေဂျင်စီအကြီးအကဲ အမ်ဒေါင်ဟွမ် (Eom Dong-hwan) တို့က ပိုလန်နိုင်ငံ၊ မိုရက် (Morag) မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခု၌ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ် ပါသည်။ အဆိုပါသဘောတူညီချက်အရ ပိုလန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံတန်ဖိုးရှိသည့် Hyundai Rotem ကုမ္ပဏီထုတ် K2 Black Panther ပင်မ တိုက်ပွဲဝင်တင့် ၁၈၀ စီးနှင့် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိသည့် Hanhwa Defense ကုမ္ပဏီထုတ် K9 ဟောင်ဝစ်ဇာအမြောက် ၂၁၂ လက်တို့အား ဝယ်ယူသွား မည်ဖြစ်ပါသည်။ ၎င်းစစ်လက်နက်ပစ္စည်းများအနက် တင့်များနှင့် အမြောက်များသည် ပထမ အသုတ်အနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပိုလန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် အကုန်၌ အပြီးသတ်ရရှိသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဘလက်ဇ်က်က ပြောကြားခဲ့ပါသည်။ ထို့ပြင် ပိုလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် Korea Aerospace နှင့် Lockheed Martin ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားသည့် FA-50 တိုက်လေယာဉ် ၁၂ စီး ဝယ်ယူရေးအတွက်လည်း ၂၀၂၂ ခုနှစ်အတွင်း သဘောတူစာချုပ် ချုပ်ဆိုသွားရန် စီစဉ်ထားလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ပိုလန်နိုင်ငံအနေဖြင့် အဆိုပါစစ်လက်နက်ပစ္စည်းများအား ပြည်တွင်း၌ထုတ်လုပ်နိုင်သည်အထိ နည်းပညာများ ရှာဖွေသွားမည်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။



သုံးသပ်ချက် 
ပိုလန်အစိုးရသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ရုရှား-ယူကရိန်းတို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားချိန်မှစတင်၍ ရုရှားနိုင်ငံ၏ စစ်ရေးတိုက်ခိုက်မှုများအား တုံ့ပြန် ကာကွယ်ဟန့်တားနိုင်ရေးအတွက် ပိုလန်တပ်မတော်၏ ကာကွယ်ရေးစွမ်းရည်များအား မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အစိုးရအနေဖြင့် အဆိုပါအဆင့်မြှင့်တင်ရေးစီမံချက် အရ မဟာမိတ်နိုင်ငံများမှ ခေတ်မီစစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းအပါအဝင် တပ်ဖွဲ့ဝင်အင်အား ၁၂၀,၀၀၀ နီးပါးရှိ ပိုလန်တပ်မတော်အား အင်အား ၃၀၀,၀၀၀ အထိ တိုးချဲ့သွားရန်နှင့် ကာကွယ်ရေးအသုံးစရိတ်အား GDP ၏ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့် သုံးစွဲသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် ပိုလန်နိုင်ငံအနေဖြင့် ၎င်းစီမံချက်အစိတ်အပိုင်းတစ်ရပ်အနေဖြင့် မဟာဗျူဟာမြောက်မိတ်ဖက် တောင်ကိုရီးယား နိုင်ငံမှ အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများဝယ်ယူရေး အတွက် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ သဘောတူညီချက်အရ ပိုလန်နိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံတန်ဖိုး ရှိသည့် Hyundai Rotem ကုမ္ပဏီထုတ် K2 Black Panther ပင်မတိုက်ပွဲဝင်တင့် ၁၈၀ စီးနှင့် အမေရိကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိသည့် Han hwa Defense ကုမ္ပဏီထုတ် K9 ဟောင်ဝစ်ဇာအမြောက် ၂၁၂ လက်တို့အား ဝယ်ယူသွားမည်ဖြစ်ပါသည်။ ထို့ပြင် ပိုလန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် Korea Aerospace နှင့် Lockheed Martin ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားသည့် FA-50 တိုက်လေယာဉ် ၁၂ စီး ဝယ်ယူရေးအတွက်လည်း ၂၀၂၂ ခုနှစ်အတွင်း သဘောတူစာချုပ် ချုပ်ဆိုသွားရန် စီစဉ်ထားလျက်ရှိပါသည်။ ပိုလန် နိုင်ငံအနေဖြင့် အဆိုပါ FA-50 တိုက်လေယာဉ်များအား လက်ရှိအသုံးပြုနေသည့် ဆိုဗီယက်ခေတ်တိုက်လေယာဉ်များနေရာတွင် အစားထိုးသွားရန်စီစဉ်ထားပြီး ပယ်ဖျက် သွားမည့် ၎င်းတိုက်လေယာဉ်များအား ယူကရိန်းနိုင်ငံသို့ပေးပို့သွားမည်ဟု ယူဆရကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောကြားထားလျက်ရှိပါသည်။ သို့ဖြစ်၍ ပိုလန်နိုင်ငံ အနေဖြင့် ယခုကဲ့သို့ ခေတ်မီစစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်းသည် နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်အား ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်သကဲ့သို့ ဒေသတွင်း ခြိမ်းခြောက်မှုအန္တရာယ်များအပေါ် တုံ့ပြန်ဆောင်ရွက်ရာတွင်လည်း အထောက်အပံ့ ဖြစ်စေနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment