APnews; Aug-23(Tue)
တူကီယဲနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်မှု များပြားလာပြီးနောက် ဂရိနိုင်ငံသည် တူကီယဲနိုင်ငံနှင့် နယ်နိမိတ်တစ်လျှောက် ခြံစည်းရိုးကို တဖြည်းဖြည်းချင်း တိုးချဲ့ကာရံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသအား စောင့်ကြည့်လေ့လာမှု တိုးမြှင့် မည်ဖြစ်ကြောင်း ဂရိအစိုးရက ဩဂုတ်လ ၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) မှ သဘာပတိအဖြစ်ဦးဆောင်ကျင်းပသည့် အစည်းအဝေးတစ်ခုအတွင်း ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေး၊ လုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာထိပ်တန်း အရာရှိများလည်း တက်ရောက်ခဲ့ပါသည်။ ၎င်းတို့သည် အစည်းအဝေးအတွင်း အေဂျီယန် ပင်လယ်အရှေ့ပိုင်းရှိ ကုန်းမြေနယ်စပ်တစ်လျှောက်နှင့် ပင်လယ်နယ်စပ်တစ်လျှောက်တွင် ဖြစ်ပွားလျက်ရှိသော တရားမဝင် ဝင်ရောက်မှုပြဿနာကို ဆွေးနွေးခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ဂရိနိုင်ငံသည် အရှေ့မြောက်ကုန်းမြေနယ် နိမိတ်တစ်လျှောက်တွင်ရှိသည့် အဗ်ရို့စ် (Evros) မြစ်အနီး၌ ကီလိုမီတာ ၄၀ (၂၅ မိုင်) ရှည်လျားသော ခြံစည်းရိုးကို တည်ဆောက်ပြီး ဖြစ်ပါသည်။ တူကီယဲနိုင်ငံသည် ဂရိနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်လာစေရန် တူကီယဲတွင် နေထိုင်လျက်ရှိသော ထောင်နှင့်ချီသည့် ရွှေ့ပြောင်းနေထိုင်သူများကို ဂရိနိုင်ငံသို့ ရည်ရွယ်ချက်ရှိစွာဖြင့် စေလွှတ်ခဲ့သည်ဟု ဂရိက အကြိမ်ကြိမ်စွပ်စွဲခဲ့ပါသည်။ ထို့ကြောင့် ဒေသတွင်းပြိုင်ဖက်များဖြစ်သော ဂရိနှင့် တူကီယဲအကြား ဆက်ဆံရေးသည် လူဝင်မှု ကြီးကြပ်ရေးနှင့် ရေအောက်စွမ်းအင်ရှာဖွေရေးဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ တင်းမာလျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် တူကီယဲသည် ဥရောပသို့ ခရီးသွားလိုသော ရွှေ့ပြောင်းနေထိုင်သူများအတွက် ၎င်း၏ အနောက်ဘက်နယ်နိမိတ်ကို ဖွင့်လှစ်ပေးခဲ့ ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကြောင့် ဂရိနိုင်ငံသည် အဗ်ရို့စ် (Evros) မြစ်ကိုဖြတ်၍ ဝင်ရောက်လာနိုင်သည့် ထောင်နှင့်ချီသော တရားမဝင်ဖြတ်ကျော်သူများအား တားဆီးရန် အတွက် နယ်စပ်ဒေသလုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် နယ်စပ် ခြံစည်းရိုးတိုးချဲ့ကာရံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment