Friday, August 5, 2022

တူကီယဲနှင့် မလေးရှားတို့အကြား ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်အဆင့်သို့ မြှင့်တင်ခဲ့ခြင်း

DailySabah; Aug-4 (Thu)

တူကီယဲနှင့် မလေးရှားနိုင်ငံတို့အကြား ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာ မြောက်မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ထားကြောင်း တူကီယဲနိုင်ငံခြားရေး ဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Carvusoglu) က မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဒါတို့ဆိုင်ဖူဒင်အဗ္ဗဒူလာ (Dato’ Saifuddin Abdullah) နှင့် ဩဂုတ်လ ၄ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားအတွင်း အစိုးရ၊ ကုမ္ပဏီနှင့် တက္ကသိုလ်အသီးသီး တို့အကြား သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ အာဆီယံနှင့် တူကီယဲနိုင်ငံတို့အကြား အဖွဲ့အစည်းပိုင်းဆိုင်ရာ ဆက်ဆံရေးကိုမြှင့်တင်ရာတွင် ပံ့ပိုးကူညီမှုအတွက် မလေးရှားနိုင်ငံအပေါ် ကျေးဇူးတင် ရှိကြောင်းနှင့် မလေးရှားနိုင်ငံသည် ဒေသတွင်းနှင့် မွတ်စလင်အသိုက်အဝန်းတွင် အဓိက ကျသည့် အခန်းကဏ္ဍနေရာမှပါဝင်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။

တူကီယဲနှင့် မလေးရှားနိုင်ငံတို့သည် သံတမန်ဆက်ဆံရေးကို ၁၉၆၄ ခုနှစ်တွင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် ကျယ်ပြန့်သောပူးပေါင်းဆောင်ရွက်မှုများနှင့် နီးကပ်သည့်မိတ်ဖက်ဆက်ဆံရေးများ ရှိကြပါသည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် ယခင်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် သမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdoğan) နှင့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် (Najib Razak) တို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ကြောင်း ကြေညာခဲ့ပြီး နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များတွင် နက်ရှိုင်းသောဆက်ဆံမှုများကိုလည်း ပြုလုပ်ခဲ့ကြပါသည်။ တူကီယဲနှင့်မလေးရှားတို့သည် ကုလသမဂ္ဂအဖွဲ့၊ အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် D-8 တို့တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ပါဝင်သည့်နိုင်ငံများ ဖြစ်သည်နှင့်အညီ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကိုလည်း အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ စစ်ရေးနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းနယ်ပယ်များတွင် ထပ်မံပြုလုပ်သွားမည့် ရင်းနှီးမြှုပ်နှံမှု အသစ်များနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment