TASS; Aug-5 (Fri)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ရုရှားသမ္မတဗလာဒီမာပူတင် (Vladimir Putin) တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးရန် ရုရှားနိုင်ငံ၊ ဆိုချီမြို့၌ ဩဂုတ်လ ၅ ရက်တွင် တွေ့ဆုံရန်စီစဉ်လျက်ရှိကြောင်း TASS သတင်းဌာနကဖော်ပြခဲ့ပါသည်။ အာဒိုဂန်နှင့် ပူတင်တွေ့ဆုံမှုသည် ဇူလိုင်လ ၁၉ ရက်တွင် အီရန်နိုင်ငံမြို့တော် တီဟီရန်၌ ရုရှား၊ တူကီယဲ၊ အီရန်ပါဝင်သော Astana သုံးပွင့်ဆိုင်တွေ့ဆုံပြီးနောက် ဒုတိယအကြိမ်အဖြစ် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ Astana သုံးပွင့်ဆိုင်တွေ့ဆုံမှု အတွင်း ဆီးရီးယားတွင်လတ်တလောဖြစ်ပေါ်တိုးတက်မှုများ၊ အကြမ်းဖက်အဖွဲ့များ အထူးသဖြင့် YPG/PKK နှင့် Daesh တို့ကို တိုက်ထုတ်ရေးကိစ္စရပ်များအပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအခြေအနေများနှင့် ဆီးရီးယားနိုင်ငံသားများ၏ ဆန္ဒအလျောက် ပြည်တော်ပြန်ဝင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ဆိုချီမြို့တွေ့ဆုံမှုအတွင်း၌ အာဒိုဂန်နှင့် ပူတင်တို့သည် ဆီးရီးယားအရေးဆိုင်ရာ ကိစ္စရပ်များအပြင် လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်းစစ်ပွဲဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ တူကီယဲသည် ယူကရိန်းနှင့် ရုရှားတို့အကြားတွင် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးရရှိစေရန် လုပ်ဆောင်လျက်ရှိသည့် နိုင်ငံများအနက် တစ်နိုင်ငံ အပါအဝင်ဖြစ်ပါသည်။ တူကီယဲသည် ရုရှား၊ ယူကရိန်းနှစ်နိုင်ငံစလုံးနှင့် ချစ်ကြည် ရင်းနှီးသောဆက်ဆံရေးရှိပြီး အဆိုပါစစ်ပွဲကိုအဆုံးသတ်ရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။ ပဋိပက္ခအစကတည်းကပင် တူကီယဲသည် နှစ်နိုင်ငံအကြား ကြားဝင်ဖျန်ဖြေရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လက်ခံကျင်းပရန် ကမ်းလှမ်း ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment