Sunday, August 7, 2022

တူကီယဲနှင့် ယူကရိန်းတို့သည် ယူကရိန်းကောက်ပဲသီးနှံတင်ပို့ရေးဆိုင်ရာကိစ္စရပ် များအား ဆွေးနွေးခဲ့ခြင်း

Anadolu Agency;Aug-7(Sun)

တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) သည် ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ဆီရက်ဇ်နီကော့ဗ် (Oleksii Reznikov) နှင့် ယူကရိန်း အခြေခံအဆောက်အဦဝန်ကြီး အိုလီဆန်ဒါကူဘရာကော့ဗ် (Oleksandr Kubrakov) တို့နှင့်ပြုလုပ်သည့် တယ်လီဖုန်းခေါ်ဆိုမှုအတွင်း ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှုဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဩဂုတ်လ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ဝန်ကြီးများသည် ကောက်ပဲသီးနှံတင်ပို့မှုအား အရှိန်မြှင့်လုပ်ဆောင်နေသည့်အခြေအနေနှင့် အစ္စတန်ဘူလ်မြို့တွင်ဖွင့်လှစ်ထားသည့် ပူးတွဲညှိနှိုင်းရေးစင်တာ၌ ပူးပေါင်းလုပ်ဆောင် နေသည့်အခြေအနေများနှင့်ပတ်သက်၍ ထုတ်ဖော်ဆွေးနွေးခဲ့ကြပါသည်။ ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် လပေါင်းများစွာကြာပိတ်မိနေခဲ့သည့် ယူကရိန်းကောက်ပဲသီးနှံ များတင်ပို့မှုအတွက် ယူကရိန်းဆိပ်ကမ်း ၃ ခုကို ပြန်လည်ဖွင့်လှစ်ရန် တူကီယဲ၊ ကုလသမဂ္ဂ၊ ရုရှားနှင့် ယူကရိန်းတို့အကြား ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ထို့နောက် ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှုကို ကြီးကြပ်ရန်အတွက် အဆိုပါ ၃ နိုင်ငံနှင့် ကုလသမဂ္ဂမှ ကိုယ်စားလှယ်များပါဝင်သော ပူးတွဲညှိနှိုင်းရေးစင်တာကို တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ဇူလိုင်လ ၂၇ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှုဆိုင်ရာ သမိုင်းဝင်သဘောတူညီချက်ရရှိခဲ့ပြီးနောက်တွင် ကောက်ပဲသီးနှံတန်ချိန် ၈၄,၅၀၀ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောများသည် ယူကရိန်းဆိပ်ကမ်းများမှ ထွက်ခွာသွားခဲ့ပါသည်။ အဆိုပါသင်္ဘောများအား လက်ရှိ အချိန်တွင် အစ္စတန်ဘူလ်ရှိ ပူးတွဲညှိနှိုင်းရေးစင်တာမှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့က စစ်ဆေးမှုများပြုလုပ်လျက်ရှိပါသည်။ စစ်ဆေးမှုခံယူပြီးချိန်တွင် အဆိုပါသင်္ဘော များသည် ၎င်းတို့သတ်မှတ်ထားသည့်လမ်းကြောင်းများအတိုင်း ဆက်လက်ထွက်ခွာသွား မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ယူကရိန်းနိုင်ငံတွင်ပိတ်မိနေသည့် ကောက်ပဲသီးနှံများအား တင်ပို့နိုင်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာအကျပ်အတည်းကို လျော့ပါးသက်သာ စေလိမ့်မည်ဟု မျှော်လင့်လျက်ရှိကြောင်း သိရှိပါသည်။


သုံးသပ်ချက်

ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် လပေါင်းများစွာကြာပိတ်မိနေခဲ့သည့် ယူကရိန်းကောက်ပဲသီးနှံများတင်ပို့မှုအတွက် ယူကရိန်းဆိပ်ကမ်း ၃ ခုကို ပြန်လည် ဖွင့်လှစ်ရန် တူကီယဲ၊ ကုလသမဂ္ဂ၊ ရုရှားနှင့် ယူကရိန်းတို့အကြား ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်အရ ယူကရိန်း ကောက်ပဲသီးနှံတင်ပို့မှုကို ကြီးကြပ်ရန်နှင့် ကုန်သွယ်မှုဆိုင်ရာစားသောက်ကုန်များနှင့် ဓာတ်မြေသြဇာများကို ကုန်တင်သင်္ဘောများဖြင့် လုံခြုံစွာပို့ဆောင်နိုင်ရန်အတွက် ၎င်း ၃ နိုင်ငံနှင့် ကုလသမဂ္ဂမှ ကိုယ်စားလှယ်များပါဝင်သော ပူးတွဲညှိနှိုင်းရေးစင်တာကို တူကီယဲနိုင်ငံ၊ အစ္စတန်ဘူလ်မြို့၌ ဇူလိုင်လ ၂၇ ရက်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှုဆိုင်ရာ သမိုင်းဝင်သဘောတူညီချက်အရ ကောက်ပဲသီးနှံ တန်ချိန် ၈၄,၅၀၀ ကျော်ကို တင်ဆောင်လာသည့် သင်္ဘောများသည် ယူကရိန်းဆိပ်ကမ်း များမှ ထွက်ခွာလာခဲ့ကြပြီး အစ္စတန်ဘူလ်မြို့ရှိ ပူးတွဲညှိနှိုင်းရေးစင်တာမှ ကိုယ်စားလှယ် များပါဝင်သောအဖွဲ့သည် ၎င်းသင်္ဘောများကို စစ်ဆေးမှုများပြုလုပ်လျက်ရှိပါသည်။ ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာ (Odesa) ဆိပ်ကမ်းမှ ဩဂုတ်လ ၅ ရက်တွင် ထွက်ခွာလာခဲ့ သည့် ပထမဆုံး ပနားမားအလံလွှင့်တင်ထားသော Navi-Star သင်္ဘောသည် ပြောင်းတန်ချိန် ၃၃,၀၀၀ ကိုတင်ဆောင်ခဲ့ပြီး စစ်ဆေးမှုများခံယူလျက်ရှိပါသည်။ ထို့အတူ ယူကရိန်းနိုင်ငံ ချောနိုမော့စ် (Chornomorsk) ဆိပ်ကမ်းမှထွက်ခွာလာသော စပါးတန်ချိန် ၁၃,၀၀၀ တင်ဆောင်လာသည့် မော်လ်တာအလံတင်သင်္ဘော Rojen သည်လည်း အစ္စတန်ဘူလ်၏ မြောက်ဘက်တွင် ကျောက်ချရပ်နားကာ စစ်ဆေးမှုများခံယူလျက်ရှိပါသည်။ ထို့ပြင် ပြောင်းတန်ချိန် ၁၂,၀၀၀ တင်ဆောင်လာသော တူကီယဲအလံတင်သင်္ဘော Polarnet သည်လည်း အစ္စတန်ဘူလ်မြို့သို့ရောက်ရှိလာပြီး စစ်ဆေးမှုများကို ခံယူလျက်ရှိပါသည်။ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှုဒဏ်များကို နိုင်ငံတိုင်းလိုလိုတွင် ထိခိုက်ခံစားရလျက်ရှိပါသည်။ ပြီးခဲ့သည့် ခြောက်လတာကာလအတွင်း စားနပ်ရိက္ခာဈေးနှုန်းများ သိသိသာသာမြင့်တက်လာခဲ့ခြင်းမှာ စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်ခြင်းနှင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းတို့ကြောင့် ဖြစ်ရသည့်အတွက် ယခုကဲ့သို့ ကုန်တင်သင်္ဘောများ ပြန်လည်စတင်လည်ပတ်ခြင်းမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ စားနပ် ရိက္ခာအကျပ်အတည်းများကို လျော့ပါးသက်သာစေမည်ဟု မျှော်လင့်ရကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

No comments:

Post a Comment