Tuesday, August 23, 2022

ဆားဘီးယားနှင့် ရုရှားတို့သည် နိုင်ငံခြားရေးမူဝါဒဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း



                                                                                                                            APnews; Sep-24 (Sat)

ဆားဘီးယားနိုင်ငံသည် ရုရှားနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် သဘောတူညီချက်တစ်ရပ်အား စက်တင်ဘာလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း AP သတင်းမီဒီယာက စက်တင်ဘာလ ၂၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူညီချက်ကို ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီး နီကိုလာ ဆီလာကိုဗစ် (Nikola Selakovic) နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov) တို့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးအတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါ သည်။ လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်များသည် နှစ်နှစ်ကြာ တည်တံ့မည်ဟု မျှော်လင့်ကြောင်း ဆားဘီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါ သည်။ ဆားဘီးယားနိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် တရားဝင်ကိုယ်စားလှယ်လောင်း နိုင်ငံဖြစ်သော်လည်း ရုရှားနှင့်ဆက်ဆံရေးကို အစိုးရက ကောင်းမွန်စွာထိန်းသိမ်းလျက် ရှိပါသည်။

ယူကရိန်း၏ နယ်မြေတည်တံ့ခိုင်မြဲရေးကို ထောက်ခံကြောင်း ဆားဘီးယား အစိုးရကပြောကြားခဲ့သော်လည်း ရုရှားအပေါ်အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုတွင် ပူးပေါင်းပါဝင်ရန် အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါသည်။ ဆားဘီးယားအနေဖြင့် ဥရောပသမဂ္ဂနှင့် နိုင်ငံခြားရေးမူဝါဒများပူးပေါင်းဆောင်ရွက်ခြင်းသည် ဥရောပသမဂ္ဂအဖွဲ့သို့ ဝင်ရောက်ခြင်း အတွက် အဓိကလိုအပ်ချက်များထဲမှ တစ်ခုဖြစ်သော်လည်း ဆားဘီးယားသည် အထက်ပါ ကဲ့သို့ ရုရှားအပေါ်အရေးယူပိတ်ဆို့ရန် တောင်းဆိုမှုများကို ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့ ပါသည်။ ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) သည်လည်း နယူးယောက်မြို့တွင် ဆာဂျီလက်ဗ်ရော့နှင့်တွေ့ဆုံခဲ့ပြီး ဆားဗီးယား-ရုရှားဆက်ဆံရေး ပိုမိုအားကောင်းလာစေရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း နှစ်နိုင်ငံသတင်းမီဒီယာ များက ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment