Saturday, June 26, 2021

တူရကီနှင့် အမေရိကန်တို့သည် အာဖဂန်နစ္စတန်ရှိ ကဘူးလ်လေဆိပ်အား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

AA; Jun-25(Fri)

    တူရကီနှင့် အမေရိကန်တို့သည် အာဖဂန်နစ္စတန်နိုင်ငံရှိ ကဘူးလ် (Kabul) အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အမေရိကန်မှ ကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံသို့လာရောက်ခဲ့ပြီး နှစ်နိုင်ငံကိုယ်စားလှယ်များတွေ့ဆုံကာ အဆိုပါလေဆိပ် အား ဆက်လက်ကာကွယ်စောင့်ရှောက်မည့် အခြေအနေများအား အသေးစိတ်ဆွေးနွေး၍ ဆွေးနွေးမှုများဆက်လက်ပြုလုပ်ရန် အပြန်အလှန်သဘောတူညီခဲ့ကြပါသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) နှင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဘရပ်ဆဲလ် (Brussels) မြို့၌ ကျင်းပခဲ့သည့် နေတိုးအဖွဲ့ဝင်ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးတွင်လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ တူရကီနိုင်ငံသည် နေတိုးအဖွဲ့ဦးဆောင်သည့် ထောက်ပံ့ရေးမစ်ရှင် (NATO-led Resolute Support Mission) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် အဆိုပါလေဆိပ်မှ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ ပို့ဆောင်ရေးများအား ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဘိုင်ဒင်သည် အမေရိကန် တပ်ဖွဲ့များအား စက်တင်ဘာလ ၁၁ ရက်အပြီး အာဖဂန်မှ ပြန်လည်ရုပ်သိမ်းရန် ကြေညာခဲ့ပြီးနောက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံသည် အရေးပေါ်အခြေအနေသို့ ရောက်ရှိလျက်ရှိပါသည်။ ကဘူးလ်လေဆိပ်သည် နိုင်ငံအတွက် အရေးပါသည့် ဝင်ထွက်ပေါက် ဖြစ်ပြီး NATO အဖွဲ့အတွက် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာကျသည့်နေရာအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment