Thursday, June 24, 2021

လစ်ဗျားမှ တပ်ဖွဲ့များဖယ်ရှားရန် ရုရှားနှင့်တူရကီတို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်း

Newsweek; Jun-23 (Wed)

    တူရကီနှင့် ရုရှားနိုင်ငံတို့သည် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုင်ကိုမက်စ် (Heiko Maas) နှင့် သဘောတူညီချက်အရ လစ်ဗျားနိုင်ငံမှ ပြည်ပတပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေးလုပ်ငန်းစဉ်များအတွက် သဘောတူညီခဲ့ကြကြောင်း အမည်မဖော်လိုသူ အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက Associated Press သတင်းဌာနသို့ ပြောကြား ခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား ယခုအချိန်ထိတိုင် အပြီးသတ်လုပ်ဆောင်ခြင်း မရှိသေးသော်လည်း ၎င်းတို့တစ်နိုင်ငံချင်းစီမှ တပ်ဖွဲ့ဝင် ၃၀၀ ခန့်စီအား ရုပ်သိမ်းရေး အတွက် ဆွေးနွေးသွားရန် ပြင်ဆင်လျက်ရှိကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဂျာမနီနိုင်ငံအနေဖြင့် လစ်ဗျားမှပြည်ပတပ်ဖွဲ့ဝင်များ အပြီးတိုင်ထွက်ခွာသွားစေရေး နှင့်ပတ်သက်၍ အလျှော့ပေးရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ရုရှားနှင့်တူရကီနိုင်ငံ တို့အနေဖြင့် လစ်ဗျားရှိ စင်ပြိုင်အစိုးရအဖွဲ့ ၂ ဖွဲ့၌ တစ်ဖက်စီ ပါဝင်ပတ်သက်လျက် ရှိကြသော်လည်း အင်အားချိန်ခွင်လျှာအညီအမျှဖြစ်စေရန်အတွက် တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာမှုနှင့်ပတ်သက်၍ တစ်ဆင့်ပြီးတစ်ဆင့်ပြုလုပ်သွားရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

    လစ်ဗျားအသွင်ကူးပြောင်းရေးအစိုးရသည် မြောက်အာဖရိကနိုင်ငံများအပါအဝင် ကမ္ဘာ့အင်အားကြီး ၁၇ နိုင်ငံမှ ခေါင်းဆောင်များနှင့် ဇွန်လ ၂၃ ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုအတွင်း ဒီဇင်ဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုတွင် ပါဝင်သည့် အင်အားကြီးနိုင်ငံများအနေဖြင့် လစ်ဗျားပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုရန်နှင့် ပြည်ပတပ်ဖွဲ့များနှင့် ကြေးစားစစ်သည်များကို နိုင်ငံအတွင်းမှ ချက်ချင်းဆုတ်ခွာသွားရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ လစ်ဗျားအသွင် ကူးပြောင်းရေးအစိုးရအနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထူထောင် နိုင်ရန်နှင့် လွတ်လပ်၍ နိုင်ငံသားအားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲတစ်ရပ်အား ဒီဇင်ဘာလ ၂၄ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း လစ်ဗျားနိုင်ငံခြားရေး ဝန်ကြီး နက်ဂျ်လာမန်ဂိုစ့် (Najla Mangoush) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment