Tuesday, June 22, 2021

မြေထဲပင်လယ်အရှေ့ပိုင်းအရေးနှင့်ပတ်သက်၍ ဂရိအား ထောက်ခံသွားမည် ဖြစ်ကြောင်း အီဂျစ်သမ္မတက ပြောကြားခဲ့ခြင်း


အီဂျစ်သမ္မတ အဗ္ဗဒယ်လ်ဖာတက်အယ်လ်စီစီ (Abdel Fattah Al-Sisi) နှင့် ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) တို့သည် အီဂျစ်နိုင်ငံ၊ ကိုင်ရို (Cario) မြို့၌ ဇွန်လ ၂၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ဂရိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ခြိမ်းခြောက်လာမှုမှန်သမျှကို ဆန့်ကျင်တိုက်ခိုက် နိုင်ရန်အတွက် ဂရိနိုင်ငံဘက်မှရပ်တည်သွားမည်ဖြစ်ကြောင်း အီဂျစ်သမ္မတက ပြောကြား ခဲ့ပါသည်။ အီဂျစ်နိုင်ငံအနေဖြင့် ဂရိနှင့် စည်းလုံးညီညွတ်မှုကိုအလေးပေး၍ ပြည်တွင်းရေး ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အခြေခံသဘောတရားများဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းအရေးအပါအဝင် အခြားသောကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဂရိနိုင်ငံဘက်မှ ခိုင်မာစွာရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့ပါသည်။ အီဂျစ်နိုင်ငံသည် ဂရိနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေရန် အတွက် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာတွေ့ဆုံဆွေးနွေးမှုများနှင့် အမြင်ချင်းဖလှယ်မှု များပြုလုပ်ခြင်းသည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုအဆင့်တွင် စံပြ နိုင်ငံများဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

              နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အီဂျစ်၊ ဆိုက်ပရပ်စ်နှင့် ဂရိနိုင်ငံတို့အကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အကျိုးအမြတ်များဖြစ်ထွန်းရရှိလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံမှုအတွင်း သဘောတူညီခဲ့ကြပါသည်။ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသတွင်း နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများကိုဖြစ်ပေါ် စေနိုင်သည့် မြေထဲပင်လယ်အရှေ့ပိုင်း သဘာဝဓာတ်ငွေ့ဖိုရမ်၏ အရေးပါမှုကိုလည်း ၎င်းတို့က အလေးအနက်ထားဆွေးနွေးခဲ့ကြပါသည်။ ဂရိနိုင်ငံပိုင် ကရီတီ (Crete) ကျွန်း တစ်လျှောက် စွမ်းအင်နှင့် လျှပ်စစ်ဆက်သွယ်မှုကဏ္ဍများနှင့် ဥရောပသို့ ပိုလျှံသည့် သဘာဝဓာတ်ငွေ့များတင်ပို့သည့်ကဏ္ဍများတွင် ဂရိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြားဆက်ဆံရေးခိုင်မာစေရန် မျှော်လင့်လျက်ရှိကြောင်း အဆိုပါတွေ့ဆုံမှု အတွင်း အီဂျစ်သမ္မတက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။   

သုံးသပ်ချက်

              ဂရိနှင့် အီဂျစ်နိုင်ငံတို့သည် မြေထဲပင်လယ်အတွင်း စွမ်းအင်နှင့် သဘာဝ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်လျက်ရှိကြပါသည်။ တူရကီနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်တွင် စွမ်းအင်ရှာဖွေရေးသင်္ဘောတစ်စီးအား မြေထဲပင်လယ်အရှေ့ပိုင်းသို့ စေလွှတ်ခဲ့ခြင်း ကြောင့် တူရကီနှင့် ဂရိနိုင်ငံတို့အကြား ရေကြောင်းနယ်နိမိတ်ဆိုင်ရာတင်းမာမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ အီဂျစ်နိုင်ငံသည် ဂရိနိုင်ငံနှင့် စည်းလုံးညီညွတ်မှုကိုအလေးပေး၍ ပြည်တွင်းရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အခြေခံသဘောတရား များဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းအရေးအပါအဝင် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ခြိမ်းခြောက်လာမှုမှန်သမျှကို ဆန့်ကျင်တိုက်ခိုက်နိုင်ရန်အတွက် ဂရိနိုင်ငံဘက်မှရပ်တည် သွားမည်ဖြစ်ကြောင်း အီဂျစ်သမ္မတက အထက်ပါတွေ့ဆုံဆွေးနွေးပွဲအတွင်း ပြောကြား ခဲ့ပါသည်။ အီဂျစ်နှင့် ဂရိနိုင်ငံတို့သည် ရေကြောင်းနယ်နိမိတ်သတ်မှတ်ရေးသဘော တူညီချက်တစ်ရပ်အား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း လတ်မှတ်ရေးထိုးခဲ့ပြီး တူရကီနိုင်ငံက ၎င်းသဘောတူညီချက်အား အပြင်းအထန်ကန့်ကွက်ခဲ့ပါသည်။ ထို့အတူ အီဂျစ်နှင့် ဂရိတို့ကလည်း မြေထဲပင်လယ်ရေပိုင်နက်အတွင်း တူရကီနိုင်ငံ၏ နိုင်ငံတကာ ရေကြောင်းဥပဒေများ ချိုးဖောက်နေမှုများနှင့်ပတ်သက်၍ ဆန့်ကျင်ရှုတ်ချလျက်ရှိ ပါသည်။ အမေရိကန်အပါအဝင် ဥရောပနိုင်ငံအများစုသည် တူရကီနှင့် ဂရိအကြား ပဋိပက္ခတွင် ဂရိနိုင်ငံဘက်မှရပ်တည်၍ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ အီဂျစ်သမ္မတနှင့် ဂရိဝန်ကြီးချုပ်တို့အကြား ပြုလုပ် ခဲ့သည့် အထက်ပါဆွေးနွေးမှုများသည် မြေထဲပင်လယ်အရှေ့ပိုင်းအရေးအပါအဝင် အခြားသောကိစ္စရပ်များတွင် ဂရိနိုင်ငံအပေါ် အီဂျစ်နိုင်ငံ၏ရပ်တည်ချက်များ ပိုမိုခိုင်မာ လာစေရန်ဖြစ်ပြီး စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးကဏ္ဍတွင်လည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

No comments:

Post a Comment