Saturday, June 26, 2021

တူရကီနှင့် အမေရိကန်တို့သည် အာဖဂန်နစ္စတန်ရှိ ကဘူးလ်လေဆိပ်အား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

AA; Jun-25 (Fri)

    တူရကီနှင့် အမေရိကန်တို့သည် အာဖဂန်နစ္စတန်နိုင်ငံရှိ ကဘူးလ် (Kabul) အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း တူရကီအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

သုံးသပ်ချက်

    အာဖဂန်နစ္စတန်နိုင်ငံရှိ ကဘူးလ် (Kabul) လေဆိပ်သည် နိုင်ငံ၏ အဓိက ဝင်/ထွက်ပေါက်ဖြစ်ပြီး နေတိုးအဖွဲ့အတွက် စစ်ဘက်ဆိုင်ရာအုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် အရေးပါသည့်နေရာတစ်ခုအဖြစ် တည်ရှိပါသည်။ အဆိုပါလေဆိပ်၏ လက်ရှိလုံခြုံရေးအတွက် တူရကီတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်တို့သည် ပြီးခဲ့သည့် နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေး၌ အဆိုပါလေဆိပ်၏လုံခြုံရေး ဆက်လက်ဆောင်ရွက်ရန်အခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှု၏ သဘောတူညီချက်များအရ နှစ်နိုင်ငံကိုယ်စားလှယ်များသည် တူရကီနိုင်ငံတွင် ဆွေးနွေး မှုများ ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းနေစဉ်ကာလအတွင်း တာလီဘန်များအနေဖြင့်လည်း နေရာဒေသအများ အပြားအား ပြန်လည်သိမ်းပိုက်လျက်ရှိရာ အာဖဂန်အစိုးရတပ်ဖွဲ့ဝင်များဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး သေဆုံးဒဏ်ရာရမှုများ အမြောက်အမြားဖြစ်ပေါ်လျက် ရှိပါသည်။ ထိုကဲ့သို့အခြေအနေများကြောင့် အမေရိကန်အပါအဝင် နေတိုးတပ်ဖွဲ့များ သည် အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိပါသည်။ အမေရိကန်တပ်ဖွဲ့များဆုတ်ခွာရာတွင် တပ်ဖွဲ့ဝင် ၆၅၀ ဦး ခန့်အား ဆက်လက်ထားရှိသွားရန် အမေရိကန်အနေဖြင့် စီစဉ်လျက်ရှိကြောင်း သတင်း အရင်းအမြစ်များကလည်း ဖော်ပြလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အမေရိကန်နှင့် တူရကီ တို့သည် အာဖဂန်နစ္စတန်နိုင်ငံ၏ အချက်အချာဝင်ထွက်ပေါက်ဖြစ်သော ကဘူးလ် လေဆိပ်၏လုံခြုံရေးအား ဆက်လက်စောင့်ရှောက်နိုင်ရန်အတွက် လူ၊ လက်နက်အင်အားများ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment