Friday, January 21, 2022

တူရကီသမ္မတသည် ရုရှားနှင့် ယူကရိန်းသမ္မတတို့အား တူရကီ၌ တွေ့ဆုံဆွေးနွေးသွားရန် ဖိတ်ခေါ်ခဲ့ခြင်း

News.cn; Jan-21 (Fri)

ယူကရိန်းနယ်စပ်အရေးကိစ္စနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Voladymyr Zulensky) တို့အား တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Iseanbul) မြို့၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားရန် အတွက် ဖိတ်ခေါ်ခဲ့ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီလ ၂၀ ရက်တွင် မြို့တော် အန်ကာရာ (Ankara) ၌ အယ်လ်ဆာဗေးဒိုး သမ္မတ နာယစ်ဘူကီလီ (Nayib Bukele) နှင့်ပူးတွဲကျင်းပပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့အကြား ဖြစ်ပေါ်လျက် ရှိသည့်တင်းမာမှုများသည် စစ်ပွဲများဖြစ်ပွားလာနိုင်သည့်အခြေအနေတွင်ရှိကြောင်း၊ အဆိုပါနှစ်နိုင်ငံလုံးနှင့်ဆက်ဆံလျက်ရှိသည့် ၎င်းတို့နိုင်ငံအနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိကြောင်း၊ ပူတင်နှင့် ဇီလန်စကီးတို့ နှစ်ဦးအနေဖြင့်လည်း အမြန်ဆုံးမျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမည်ဟု မျှော်လင့်ကြောင်း အာဒိုဂန်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ ထို့ပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကိုရှေးရှု၍ လာမည့်ဖေဖော်ဝါရီလ အစောပိုင်းတွင် ယူကရိန်းနိုင်ငံသို့သွားရောက်၍ ယူကရိန်းသမ္မတနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

တူရကီနိုင်ငံအနေဖြင့် ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization for security and Cooperation in Europe -OSCE) မင့်စ် (Minsk) အဖွဲ့ အစည်းအဝေးတစ်ရပ်အား ယူကရိန်း၊ ရုရှားတို့နှင့်အတူ အစ္စတန်ဘူလ်မြို့၌ လက်ခံကျင်းပ နိုင်ရန်အတွက် သံတမန်ဆိုင်ရာ ကြိုးပမ်းမှုများပြုလုပ်လျက်ရှိကြောင်း သတင်းအရင်းအမြစ် များက ဖော်ပြခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးအတွက် ရက်အတိအကျ မသတ်မှတ် ရသေးသော်လည်း ရုရှား၊ ယူကရိန်းနှင့် ဒွန်းဘတ်စ် (Donbass) ဒေသတို့မှ ကိုယ်စားလှယ်များ တက်ရောက်ရန်မျှော်မှန်းထားကြောင်း အာဒိုဂန်က ပြောကြားထားခဲ့ပါသည်။ တူရကီ နိုင်ငံသည် ယူကရိန်းနှင့်ရုရှား နှစ်နိုင်ငံလုံးနှင့်ကောင်းမွန်သောဆက်ဆံရေးရှိသော်လည်း ဆီးရီးယားနှင့် လစ်ဗျားအပေါ်ထားရှိသော ရုရှား၏မူဝါဒများနှင့် ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယား ကျွန်းဆွယ်အား ရုရှားမှသိမ်းပိုက်မှုများကိုဆန့်ကျင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်းဘတ်စ်ဒေသ၌ ပဋိပက္ခများဖြစ်ပွားလျက်ရှိစဉ် တူရကီနိုင်ငံက ယူကရိန်းအား ၎င်းနိုင်ငံထုတ် Bayraktar အမျိုးအစား မောင်းသူမဲ့လေယာဉ်များရောင်းချ ပေးခဲ့ခြင်းကြောင့် တူရကီနှင့်ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးမှာတင်းမာလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment