Defense News; Jan-20(Thu)
ဂရိနိုင်ငံသည် ဇန်နဝါရီလ ၁၉ ရက်တွင် ပြင်သစ်နိုင်ငံထံမှ Rafale တိုက်လေယာဉ် ၆ စီး လက်ခံရရှိခဲ့ကြောင်း Defense News သတင်းဌာနက ဇန်နဝါရီလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနှင့် ပြင်သစ်အစိုးရတို့အကြား ၂၀၂၁ ခုနှစ်တွင် တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများဝယ်ယူရေးနှင့်ပတ်သက်သည့် ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ပါသည်။ ၎င်းသဘောတူညီချက် များအရ ဂရိနိုင်ငံအနေဖြင့် ယူရို ၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ) တန်ဖိုးရှိ ပြင်သစ်လေတပ်ထံမှ Rafale တိုက်လေယာဉ် ၁၂ စီး၊ ပြင်သစ်နိုင်ငံ အခြေစိုက် Dassault ကုမ္ပဏီထံမှ Rafale တိုက်လေယာဉ် ၆ စီးဝယ်ယူခွင့်ရရှိခဲ့ပါသည်။ ၎င်းသဘောတူညီချက်အရ ပြင်သစ်လေတပ်က ပထမအသုတ်အနေဖြင့် ယခုကဲ့သို့ Rafale တိုက်လေယာဉ် ၆ စီးအား ဂရိနိုင်ငံထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါသည်။ ပြင်သစ် နိုင်ငံအနေဖြင့် ကျန်ရှိသည့်တိုက်လေယာဉ်များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် အပြီးသတ်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ဂရိစစ်ဘက်က ပြောကြားထား ခဲ့ပါသည်။ ယခုကဲ့သို့ Rafale တိုက်လေယာဉ်များဝယ်ယူခဲ့ခြင်းသည် ၎င်းတို့နိုင်ငံ၏ ပထဝီနိုင်ငံရေး၊ စစ်ဆင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာအခန်းကဏ္ဍများကို အဆင့်မြှင့်တင် သွားရန်အတွက်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ်ဆိုတားကစ် (Kryriakos Mitsotakis) က ပြောကြားခဲ့ပါသည်။ ဂရိနှင့် တူရကီနိုင်ငံတို့အကြား မြေထဲပင်လယ် အရှေ့ပိုင်းတွင် သဘာဝဓာတ်ငွေ့တူးဖော်ရေးဆိုင်ရာ နယ်မြေပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိစဉ် နှစ်နိုင်ငံအနေဖြင့် အဆိုပါဒေသတွင် လေကြောင်းကင်းလှည့်မှုများကို အပြိုင်အဆိုင်လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့အခြေအနေများ ဖြစ်ပွားလျက်ရှိစဉ် အတွင်း ဂရိနိုင်ငံအနေဖြင့် ၎င်းတို့လေတပ်၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ကာကွယ်ရေးဆိုင်ရာသဘော တူညီချက်များအရ ဂရိနိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံထံမှ ယူရို ၃ ဘီလီယံတန်ဖိုးရှိ ဖရီးဂိတ်စစ်သင်္ဘော ၃ စီးကိုလည်း ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment