Monday, January 17, 2022

ဆလိုဗက်ကီးယား-အမေရိကန် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ဟောင်းက ဝေဖန်ပြောကြားခဲ့ခြင်း

Tass; Jan-17 (Mon)

ဆလိုဗက်ကီးယားအစိုးရက ဇန်နဝါရီလ ၁၂ ရက်တွင် အတည်ပြုခဲ့သည့် ၎င်းတို့နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သည် ဆလိုဗက်ကီးယားအစိုးရ၏ သဘောထားတစ်ခုတည်းဖြင့် တစ်ဖက်သတ်အတည်ပြုခဲ့သည့် သဘောတူညီချက်တစ်ခုဖြစ်ပြီး ၎င်းသဘောတူညီချက်၏ တစ်ခုတည်းသောရည်မှန်းချက်မှာ အမေရိကန်တပ်များကို ရုရှားနယ်စပ်အနီး၌ ပိုမို နီးကပ်စွာတပ်ဖြန့်ချထားသွားရန်အတွက်ဖြစ်ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ်ဟောင်း ရောဘတ်ဖီကို (Robert Fico)က ဇန်နဝါရီလ ၁၆ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းသဘောတူညီချက်သည် ဆလိုဗက်ကီးယားနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို သစ္စာဖောက်သည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်းလည်း ဖီကိုက နိုင်ငံပိုင်ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါသဘောတူညီချက်နှင့်ပတ်သက်၍ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်သွားရန်လိုအပ်ကြောင်းလည်း ၎င်းက အခိုင်အမာပြောကြား ခဲ့ပါသည်။

ဆလိုဗက်ကီးယားနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဝန်ကြီးချုပ် အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည့် Voice-Social Democracy ပါတီ၏ ခေါင်းဆောင် ပီတာပဲလ်လီဂရီနီ (Peter Pellegrini)က ဆလိုဗက်ကီးယား-အမေရိကန် သဘော တူညီချက်မူကြမ်းအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့လွှဲပြောင်းပေးရန် ဆလိုဗက်ကီးယားသမ္မတ ဇူဇနာကာပူတိုဗာ (Zuzana Caputova) ထံ တောင်းဆိုမှုပြုလုပ်ခဲ့ပါသည်။ သို့သော်လည်း ဆလိုဗက်ကီးယား၏ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီး ရစ်ချက်ဒ်ဆူလစ် (Richard Sulik) အနေဖြင့် ၎င်းသဘောတူညီချက်ကိုထောက်ခံကြောင်း ဇန်နဝါရီလ ၁၆ ရက်တွင် ပြောကြားခဲ့ပါ သည်။ ဆလိုဗက်ကီးယားနိုင်ငံရှိ အတိုက်အခံပါတီများသည် အမေရိကန်ကို ရန်လိုသည့် နိုင်ငံအဖြစ်ပုံဖော်ရန် ရိုးရှင်းစွာကြိုးပမ်းနေကြခြင်းကြောင့် ၎င်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန်လိုအပ်ကြောင်း ဆလိုဗက်ကီးယားနိုင်ငံခြားရေးဝန်ကြီး အီဗန်ကိုရော့ခ် (Ivan Korcok)ကလည်း ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်အား နှစ်နိုင်ငံ လက်မှတ်ရေးထိုးပြီးပါက အမေရိကန်တပ်ဖွဲ့များသည် ဆလိုဗက်ကီးယားနိုင်ငံ အနောက်ဘက်ရှိ မာလက်ကီမြို့(Malacky)နှင့် နိုင်ငံအလယ်ပိုင်းရှိ ဆလက်စ် (Sliac) လေတပ်စခန်းများအပါအဝင် အခြားသောစစ်ဘက်ဆိုင်ရာအဆောက်အအုံများကို ၁၀ နှစ်ကြာ အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် လိုအပ်ပါက ထပ်မံသက်တမ်းတိုးမြှင့်နိုင် ကြောင်းလည်း သိရှိရပါသည်။

No comments:

Post a Comment