Sunday, January 23, 2022

လတ်ဗီးယားနိုင်ငံသည် ဘီလာရုဇ်နယ်စပ်တွင် မေလ ၁၀ ရက်အထိ အရေးပေါ်အခြေအနေတိုးမြှင့်ရန်စီစဉ်နေခြင်း

Schengenvisainfo;Jan-23(Sun)

လတ်ဗီးယားအာဏာပိုင်များသည် လူဇာ (Ludza)၊ အော့ဒူဂါဗာ (Augsdaugava)၊ ခရာ့ဆလာဗာ (Kraslava) ဒေသများနှင့် ဒေးဂတ်ဗ်မဲလ်စ် (Daygavpils) မြို့တို့တွင် အရေးပေါ်အခြေအနေသတ်မှတ်ထားသည့်ကာလအား မေလ ၁၀ ရက်အထိ တိုးမြှင့် သွားရန်စီစဉ်လျက်ရှိကြောင်း Schengenvisainfo သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်မှစတင်၍ ၎င်းတို့နိုင်ငံနှင့် ဘီလာရုဇ်နိုင်ငံထိစပ်လျက် ရှိသည့်နယ်စပ်မှတစ်ဆင့် ၎င်းတို့နိုင်ငံအတွင်းသို့ဝင်ရောက်ရန်ကြိုးပမ်းသည့် ရွှေ့ပြောင်း ဒုက္ခသည် ၄,၉၆၂ ဦးရှိကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်မှစ၍ ဘီလာရုဇ် နယ်စပ်မှတစ်ဆင့် ၎င်းတို့နိုင်ငံသို့ဝင်ရောက်ရန်ကြိုးပမ်းသည့် ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်မှာ သိသိသာသာများပြားလာကြောင်း လတ်ဗီးယားပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့ တစ်ဟုန်ထိုးတိုးတက်များပြားလာသော ရွှေ့ပြောင်း ဒုက္ခသည်များအရေးကြောင့် လတ်ဗီးယားအစိုးရသည် ခရာ့ဆလာဗာ၊ လူဇာ၊ အော့ဒူဂါဗာ ဒေသများနှင့် ဒေးဂတ်ဗ်မဲလ်စ်မြို့တို့တွင် အရေးပေါ်အခြေအနေအား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်မှ နိုဝင်ဘာလအထိ စတင်ကြေညာခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍ အရေးပေါ် အခြေအနေသတ်မှတ်ထားရှိမှုအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်အထိ ထပ်မံ တိုးမြှင့်ကြေညာခဲ့ပါသည်။

ဥရောပသမဂ္ဂနှင့် ဘီလာရုဇ်အကြား ဖြစ်ပေါ်လျက်ရှိသည့် နယ်စပ်အရေးကိစ္စ သည် Schengen နယ်စပ်ဖြတ်ကျော်သွားလာခွင့်သဘောတူညီချက်တွင်ပါဝင်သော အဖွဲ့ဝင်နိုင်ငံများကို နယ်စပ်ဖြတ်ကျော်စည်းမျဉ်းစည်းကမ်းများအား ပြင်ဆင်ရေးဆွဲရန် လိုအပ်သည်ဟု အထင်အရှားပြသနေကြောင်း လတ်ဗီးယားနိုင်ငံခြားရေးဝန်ကြီး အက်ဂါစ်ရန့် ကဲဗစ် (Edgars Rinkevics) က ပြောကြားခဲ့ပါသည်။ ဘီလာရုဇ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ များဖြစ်သော လတ်ဗီးယားအပါအဝင် လစ်သူရေးနီးယား၊ ပိုလန်၊ ယူကရိန်းနိုင်ငံတို့တွင် ရွှေ့ပြောင်းဒုက္ခသည်ဦးရေမြင့်တက်လာမှုနှင့် ရင်ဆိုင်ရလျက်ရှိခြင်းကြောင့် လတ်ဗီးယား နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment