Greekcitytimes;Jun-17(Fri)
ဂရိကာကွယ်ရေးဝန်ကြီး နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikolaos Pan-agioto poulos) နှင့် တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) တို့သည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့တွင် ဇွန်လ ၁၆ ရက်၌ ကျင်းပ ပြုလုပ်ခဲ့သည့် NATO ကာကွယ်ရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး၏ ဆက်စပ် အစည်းအဝေးအဖြစ်တွေ့ဆုံခဲ့ကြောင်း Greekcitytimes သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်းဆက်ဆံရေးစိတ်ဓာတ်ဖြင့် ပွင့်လင်းမြင်သာမှုရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ဖွင့်လှစ်ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ ရာသီဥတုနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်စွာ တည်ဆောက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် အပြုသဘောဆောင်သော အစီအစဉ်တစ်ရပ်ကို အာရုံစိုက်လုပ်ဆောင်သွားသင့်ကြောင်း ဂရိကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြားဖြစ်ပေါ်နေသည့် တင်းမာမှုများကိုလျှော့ချရန် အရေးကြီးကြောင်းကိုလည်း ၎င်းက အလေးအနက်ထားပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံအကြား ယူကရိန်းအရေးနှင့်ပတ်သက်၍ NATO အဖွဲ့၏ ထောက်ပံ့ ကူညီမှုများအားဆွေးနွေးရာ၌ ယူကရိန်းနိုင်ငံအပေါ် အကူအညီများပေးအပ်ခြင်းဖြင့် NATO မဟာမိတ်အဖွဲ့၏ အရှေ့ဘက်စစ်နံကို ခိုင်မာအားကောင်းလာစေနိုင်မည်ဖြစ်ကြောင်း ကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ ဂရိအမတ်များနှင့် တူရကီကာကွယ်ရေး ဝန်ကြီးတို့အကြား ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်တွင်ပြုလုပ်ခဲ့သည့် NATO လွှတ်တော်ကော်မတီ အစည်းအဝေးအတွင်း ရေပိုင်နက်ဆိုင်ရာပြဿနာနှင့် အေဂျီယံ (Aegean) ကျွန်းစုများတွင် ဂရိစစ်ဘက်တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်ပစ္စည်းများထားရှိမှုမရှိရေးကိစ္စရပ်ကို တူရကီ ကာကွယ်ရေးဝန်ကြီးက ထပ်မံတင်ပြခဲ့ရာ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ခြင်း ကြောင့် အက်ကာသည် အစည်းအဝေးမှ ဒေါသတကြီးဖြင့်ထွက်ခွာသွားခဲ့ပါသည်။ ထို့ကြောင့် တူရကီနိုင်ငံသည် ကောင်းမွန်သောအိမ်နီးချင်းဆက်ဆံရေးကိုထိခိုက်စေသည့် ခြိမ်းခြောက်မှုနှင့် လုပ်ရပ်အားလုံးကို ရပ်တန့်ရမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ရေပြင်နှင့် ဝေဟင်ပိုင်နက် ဆိုင်ရာ အချုပ်အခြာအာဏာတည်ရှိမှုကို လေးစားရမည်ဖြစ်ကြောင်း ဥရောပကော်မရှင်၏ ပြည်ပရေးရာပြောရေးဆိုခွင့်ရှိသူ ပီတာစတာနို (Peter Stano) က မှတ်ချက်ပြုပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment