တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် နိုင်ငံပေါင်း ၉ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် လာမည့်သီတင်းပတ် ၂ ခုအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း Daily Sabah သတင်းဌာနက ဇွန်လ ၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အီရန်နှင့် ဂျာမနီနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် ၎င်းတို့၏ရာထူးတာဝန်ကို ထမ်းဆောင်ပြီးနောက် ဇွန်လ ၆ ရက်နှင် ၉ ရက်တို့တွင် တူရကီနိုင်ငံသို့ ပထမဆုံးအကြိမ် အသီးသီးသွားရောက်မည်ဖြစ်ပါသည်။ ထို့ပြင် အဇာဘိုင်ဂျန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် ဇွန်လ ၆ ရက်တွင်ကျင်းပမည့် တူရကီ၊ အဇာဘိုင်ဂျန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့အကြား ၃ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် တူရကီနိုင်ငံသို့သွားရောက်မည်ဖြစ်ပါသည်။ အလားတူ မြောက်မက်ဆီဒိုးနီးယား နိုင်ငံခြားရေးဝန်ကြီးသည် ဇွန်လ ၇ ရက်တွင် တူရကီနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သကဲ့သို့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးသည်လည်း တူရကီ-နယ်သာလန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာညီလာခံ (Wittenburg Conference) သို့တက်ရောက်ရန် ဇွန်လ ၈ ရက်တွင် တူရကီနိုင်ငံသို့ရောက်ရှိမည်ဖြစ်ပါသည်။ ထို့အတူ ရုရှားနိုင်ငံခြားရေး ဝန်ကြီးသည် ပင်လယ်နက်အတွင်း ဖြတ်သန်းသွားလာမည့် ဂျုံတင်သင်္ဘောများ ဘေးကင်း လုံခြုံရေးကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးရန် စစ်ဘက်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဇွန်လ ၈ ရက်တွင် တူရကီနိုင်ငံသို့ရောက်ရှိမည်ဖြစ်ပြီး ကာဗူဆိုဂလူက နော်ဝေနှင့် အိုင်ယာလန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများကိုလည်း ဇွန်လ ၁၅ ရက်တွင် လက်ခံတွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment