Saturday, June 11, 2022

တူရကီနိုင်ငံရှိ အစ္စရေးနိုင်ငံသားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ရန် အီရန်၏စီစဉ်ထားမှုကိုတားဆီးရန် အစ္စရေးက ကူညီလျက်ရှိခြင်း

Timesofisrael; Jun-12(Sun)

တူရကီနိုင်ငံရှိ အစ္စရေးနိုင်ငံသားများအား ပစ်မှတ်ထားတိုက်ခိုက်ရန် အီရန် နိုင်ငံ၏ ကြံစည်မှုနှင့်ပတ်သက်၍ အစ္စရေးနှင့် တူရကီလုံခြုံရေးအဖွဲ့အစည်းများသည် ပြီးခဲ့သည့် မေလအတွင်း ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း Timesofisrael သတင်းဌာနက ဇွန်လ ၁၂ ရက်တွင်ဖော်ပြခဲ့ပါသည်။ အစ္စရေးလုံခြုံရေးအရာရှိများအနေဖြင့် တူရကီ လုံခြုံရေးအဖွဲ့အစည်းများအား အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ သတင်းပေးခဲ့ပြီး ၎င်း တို့အားတားဆီး၍ အရေးယူဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။ အဆိုပါသတင်းပေးသည့် ကိစ္စရပ်အား အမည်မဖော်လိုသည့် အစ္စရေးအကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိတွင် တိုက်ခိုက်မှုပြုလုပ်ရန်အတွက် ကြိုးပမ်းမှုများအား အီရန်နိုင်ငံဘက်က တဖြည်းဖြည်းတိုးမြှင့်ဆောင်ရွက်လာလျက် ရှိသည်ဟု အစ္စရေးအကြီးတန်းအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Ynet သတင်းဌာနကလည်း ဖော်ပြခဲ့ပါသည်။

ပြီးခဲ့သည့် မေလထဲတွင် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Islamic Revolutionary Guard Corps-IRGC) ၏ အကြီးတန်းအရာရှိတစ်ဦး လုပ်ကြံသတ်ဖြတ် ခံရမှုကို အီရန်က လက်တုံ့ပြန်မည်ကို စိုးရိမ်သောကြောင့် အစ္စရေးအနေဖြင့် ၎င်း နိုင်ငံသားများကို ခရီးသွားလာမှု သတိပေးမှုပြုလုပ်ခဲ့သည့်အပြင် တူရကီနိုင်ငံသို့ သွားရောက်ခြင်းမပြုရန်လည်း အကြံပြုချက်များထုတ်ပြန်ခဲ့ပါသည်။ အီရန်နိုင်ငံ၊ တီဟီရန် (Tehran) မြို့လယ်၌ ပြီးခဲ့သည့် မေလ ၂၂ ရက်တွင် အမည်မသိသေနတ်သမား ၂ ဦး၏ ပစ်ခတ်မှုကြောင့် အီရန်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဟာဆန်ဆေယက်ခိုဒါဆီ (Hassan Sayyad Khodaei) သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ အစ္စရေးအစိုးရက တရားဝင်မှတ်ချက်ပြုပြောကြားထားခြင်းမရှိသော်လည်း ၎င်း၏သံရုံး များနှင့် ကောင်စစ်ဝန်ရုံးများတွင် လုံခြုံရေးသတိပေးချက်အဆင့်ကိုတိုးမြှင့်ထားပြီး ကမ္ဘာတစ်ဝန်းရှိ ၎င်း၏သံရုံးများတွင်လည်း လုံခြုံရေးကိုတင်းကျပ်ထားကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment