Nasdaq; Jun-30(Thu)
အမေရိကန်စစ်လက်နက်ပစ္စည်းကုမ္ပဏီ Lockheed Martin ထုတ် F-35 ဂျက်တိုက်လေယာဉ် အစီး ၂၀ ဝယ်ယူရန်အတွက် ၎င်းတို့နိုင်ငံက အမေရိကန်နိုင်ငံသို့ တရားဝင်တောင်းဆိုချက်စာတစ်စောင် ပေးပို့ခဲ့သည်ဟု ဂရိဝန်ကြီးချုပ် ကရီယာကော့စ် မစ်ဆိုတားကစ် (Kyriakos Mitsotakis) က ပြောကြားခဲ့ကြောင်း Nasdaq သတင်း ဌာနက ဇွန်လ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဂရိနိုင်ငံအနေဖြင့် F-35 ဂျက်တိုက် လေယာဉ် ဝယ်ယူရေးအစီအစဉ်၏ ပထမဆုံးအဆင့်အနေဖြင့် ထိုသို့တောင်းဆိုချက် စာတစ်စောင်အား ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ဂရိအစိုးရအနေဖြင့် အဆိုပါတိုက်လေယာဉ်များကို ၂၀၂၇ ခုနှစ်၊ သို့မဟုတ် ၂၀၂၈ ခုနှစ်၌ လက်ခံရရှိရန် မျှော်မှန်းလျက်ရှိပါသည်။
ဝန်ကြီးချုပ် မစ်ဆိုတားကစ်သည် ပြီးခဲ့သည့် မေလတွင် အမေရိကန်နိုင်ငံသို့ သွားရောက်စဉ်အတွင်း၌လည်း F-35 ဂျက်တိုက်လေယာဉ်များဝယ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ မကြာသေးမီနှစ်များအတွင်း တူရကီနိုင်ငံနှင့် တင်းမာမှုများ ပြန်လည် ဖြစ်ပွားလျက်ရှိသည့် NATO အဖွဲ့ဝင် ဂရိနိုင်ငံသည် စစ်လက်နက်ပစ္စည်းဝယ်ယူမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး လက်ရှိတွင် ကာကွယ်ရေးအသုံးစရိတ်အတွက် GDP ၏ ၂ ရာခိုင်နှုန်းကျော်ကို သုံးစွဲလျက်ရှိပါသည်။ ဂရိနှင့် တူရကီနိုင်ငံတို့သည် အေဂျီယန် (Aegean) ပင်လယ်အတွင်း လေယာဉ်ကျူးကျော်ဝင်ရောက်ပျံသန်းမှုကိစ္စရပ်များ၊ ကျွန်းပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် အငြင်းပွားမှုကိစ္စရပ်များ၊ စွမ်းအင်အရင်းအမြစ် ဆိုင်ရာ ရေကြောင်းနယ်နိမိတ်အငြင်းပွားမှုကိစ္စရပ်များနှင့် ဆိုက်ပရပ်စ်အရေးကိစ္စရပ်များ စသည်တို့နှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာ တင်းမာမှုများ ဖြစ်ပွား လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment