Euronews; Jun-30(Thu)
ပိုလန်နိုင်ငံသည် ဘီလာရုဇ်နိုင်ငံမှ ရွှေ့ပြောင်းဒုက္ခသည်များ ဝင်ရောက်လာခြင်းကို တားဆီးနိုင်ရန်အတွက် ၁၈၆ ကီလိုမီတာ ရှည်လျားသည့် နယ်စပ်တံတိုင်းအသစ်ကို အပြီးသတ်တည်ဆောက်နိုင်ခဲ့ကြောင်း Euronews သတင်းဌာနက ဇွန်လ ၃၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) နှင့် ထိပ်တန်းလုံခြုံရေးအရာရှိများသည် ၅.၅ မီတာအမြင့်ရှိသည့် သံမဏိအမျိုးအစား နယ်စပ် တံတိုင်းတည်ဆောက်မှုပြီးစီးခြင်း အထိမ်းအမှတ်ပြုလုပ်ရန်အတွက် ဇွန်လ ၃၀ ရက်တွင် နယ်စပ်ဒေသသို့ သွားရောက်ခဲ့ပါသည်။ ထို့ပြင် ပိုလန်အစိုးရသည် သတင်းသမားများအား နယ်စပ်ဒေသသို့ ဝင်ရောက်ခွင့်ပိတ်ပင်ထားသည့် အရေးပေါ်အခြေအနေကိုလည်း ဇူလိုင်လ ၁ ရက်တွင် ပြန်လည်ရုပ်သိမ်းရန် စီစဉ်ထားပါသည်။ ထိုကဲ့သို့ ပိုလန်နိုင်ငံ၏ နယ်စပ်တံတိုင်းသစ်တည်ဆောက်မှုသည် ရုရှားနိုင်ငံကို ဆန့်ကျင်သည့်လုပ်ရပ်များ အနက် တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် မိုရာဝီခ်ကီ က ပြောကြားခဲ့ပါသည်။
ဘီလာရုဇ်အစိုးရသည် ၂၀၂၁ ခုနှစ်ကတည်းက ၎င်းတို့နိုင်ငံမှတစ်ဆင့် ပိုလန်၊ လစ်သူရေးနီးယားနှင့် လတ်ဗီးယားနိုင်ငံများသို့ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းဒုက္ခသည်များအရေးကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ကြောင်း ပိုလန်အာဏာပိုင်များက ယုံကြည်လျက်ရှိပါသည်။ ထို့ပြင် ဘီလာရုဇ် အစိုးရသည် ၎င်းတို့အစိုးရအပေါ် EU ၏ အရေးယူပိတ်ဆို့မှုများအား လက်တုံ့ပြန်သည့် အနေဖြင့် မျိုးစပ်စစ်ပွဲ (Hybrid Warfare) ကို ဆင်နွှဲနေကြောင်းနှင့် ရွှေ့ပြောင်းဒုက္ခသည် အရေးကိုအသုံးပြု၍ EU အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုပျက်ပြားစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း EU က စွပ်စွဲပြောကြားထားပါသည်။ ပိုလန်နိုင်ငံ၏ နယ်စပ် တံတိုင်းတည်ဆောက်မှုနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများကမူ ပိုလန် သည် ဘီလာရုဇ်မှတစ်ဆင့် ၎င်းနိုင်ငံအတွင်းဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသည့် အာရှ ဒုက္ခသည်များကိုသာ တားဆီးနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယူကရိန်း စစ်ဘေးဒုက္ခသည် သန်းပေါင်းများစွာကိုမူ ကြိုဆိုလက်ခံလျက်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment