Ukrainska Pravda; Jun-29 (Wed)
ရုရှားနိုင်ငံ၏ ပင်မကုန်းမြေနှင့် ကာလီနင်ဂရက်ဒေသ (Kaliningard) တို့အကြား ကုန်စည်စီးဆင်းမှုများကို လစ်သူရေးနီးယားနိုင်ငံက ပိတ်ဆို့ထားမှုသည် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရေးဆီသို့ ဦးတည်လျက်ရှိကြောင်း ရုရှားအထက်လွှတ်တော်၏ နိုင်ငံ တကာရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ ဗလာဒီမာဇာတ်ဘာရို့ဗ် (Vladimir Dzhabarov) က ခြိမ်းခြောက်ပြောကြားခဲ့သည်ဟု Ukrainska Pravda သတင်းဌာနက ဇွန်လ ၂၉ ရက်တွင် ဖော်ပြခဲ့ပါသည်။
သုံးသပ်ချက်
ရုရှားနိုင်ငံပိုင် ကာလီနင်ဂရက်ဒေသသည် ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံတို့ အကြားတွင်တည်ရှိပြီး ဘောလ်တစ်ဒေသအား ထိန်းချုပ်နိုင်ရန်နှင့် ဥရောပဒေသကို ခြိမ်းခြောက်ရန်တို့အတွက် အရေးပါသောနေရာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ရုရှားသည် စစ်အေးကာလကပင် ကာလီနင်ဂရက်ဒေသအား ခံတပ်မြို့အသွင် တည်ဆောက်ခဲ့ကာ အဆင့်မြင့်လက်နက်များဖြန့်ကြက်ထားပြီး NATO အဖွဲ့ဝင်နိုင်ငံများကို နှစ်ပေါင်းများစွာကြာ ခြိမ်းခြောက်ထားခဲ့ပါသည်။ သို့ဖြစ်၍ NATO အဖွဲ့ဝင်နိုင်ငံများသည် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခအပေါ်အခြေခံ၍ ကာလီနင်ဂရက်ဒေသအား ဖြတ်တောက်ပိတ်ဆို့နိုင်ရေး လုပ်ဆောင်လျက်ရှိရာ လစ်သူရေးနီးယားနိုင်ငံသည် ရုရှားနိုင်ငံ၏ ပင်မကုန်းမြေနှင့် ကာလီနင်ဂရက်ဒေသတို့အကြား ကုန်စည်စီးဆင်းမှုများကို ပိတ်ဆို့ခဲ့ကြောင်း တွေ့ရှိရပါသည်။ အဆိုပါပိတ်ဆို့မှုသည် ရုရှားအပေါ် ကြီးမားသောထိုးနှက်ချက်တစ်ရပ် ဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် အဆိုပါပိတ်ဆို့မှုနှင့်စပ်လျဉ်း၍ လစ်သူရေးနီးယားနိုင်ငံ၏ လုပ်ဆောင်ချက်သည် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရေးဆီသို့ ဦးတည်လျက်ရှိကြောင်းနှင့် ရုရှားအနေဖြင့် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ့နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးကို မဖြစ်မနေလုပ်ဆောင်သွားမည်ဖြစ်သည်ဟု ရုရှားအထက်လွှတ်တော်အမတ်တစ်ဦးက ခြိမ်းခြောက်ပြောထားကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ ရုရှားနိုင်ငံသည် မဟာဗျူဟာ အရ အရေးပါသော ကာလီနင်ဂရက်ဒေသအရေးနှင့်စပ်လျဉ်း၍ ပြင်းထန်စွာ တုံ့ပြန် လုပ်ဆောင်လာနိုင်ပြီး အနောက်အုပ်စု၏ဩဇာခံ လစ်သူရေးနီးယားနိုင်ငံအနေဖြင့်လည်း ဖြေလျှော့ပေးခြင်းမရှိဘဲ ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါ ဘောလ်တစ်ဒေသအတွင်း စစ်ရေးအားပြိုင်မှုမြင့်တက်လာကာ နှစ်ဖက်အကြား စစ်ရေးထိပ်ထိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment