Xinhua;Jun-17(Fri)
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) သည် ယူကရိန်း နိုင်ငံ၊ ကိယက်ဗ် (Kiev) မြို့တွင် ဇွန်လ ၁၆ ရက်၌ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron)၊ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုဇ် (Olaf Scholz)၊ အီတလီဝန်ကြီးချုပ် မာရီအိုဒရာဂီ (Mario Draghi)၊ ရိုမေးနီးယားသမ္မတ ကလော့စ် လိုဟန်နစ် (Klaus Iohannis) တို့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Xinhua သတင်းဌာနက ဇွန်လ ၁၇ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုတွင် ၎င်းတို့ သည် ယူကရိန်းနိုင်ငံအား ဥရောပသမဂ္ဂ (European Union-EU) အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေးအလားအလာများ၊ လက်ရှိစစ်ရေးပဋိပက္ခအခြေအနေများ၊ ပဋိပက္ခ အတွင်း ယူကရိန်းတပ်မတော်၏လိုအပ်ချက်များ၊ ယူကရိန်းနိုင်ငံအပေါ် စီးပွားရေး ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ၊ ယူကရိန်းနိုင်ငံ၏ ဂျုံတင်ပို့မှုပိတ်ဆို့ခံနေရခြင်းများနှင့် ရုရှားနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုအသစ်များချမှတ်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ယူကရိန်းနိုင်ငံသည် ဥရောပအသိုက်အဝန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က ပြောကြားခဲ့ကြောင်းနှင့် ယူကရိန်းနိုင်ငံအား EU အဖွဲ့ဝင်နိုင်ငံဖြစ်ရန် အဖွဲ့ဝင်ကိုယ်စားလှယ်လောင်းအဆင့်အတန်း အားထောက်ခံကြောင်း အထက်ပါ ၄ နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။
အလားတူ ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခပြီးဆုံးပါက ယူကရိန်းနိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် ထိရောက်သောကူညီမှုများလုပ်ဆောင်ပေးရမည်ဟု ရိုမေးနီးယား သမ္မတ ကလော့စ်လိုဟန်နစ်က ပြောကြားခဲ့ကြောင်းနှင့် ယူကရိန်းနိုင်ငံအားကူညီရန် အသင့်ဖြစ်နေမှုသည် ဥရောပသမဂ္ဂ၏ စည်းလုံးညီညွတ်မှုကိုပြသခြင်းဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် မာရီအိုဒရာဂီက ပြောကြားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ယူကရိန်း သမ္မတ ဇီလန်စကီးသည် လက်နက်ကြီးများ၊ ခေတ်မီအမြောက်များနှင့် ဒုံးကျည် ကာကွယ်ရေးစနစ်များအား ၎င်း၏မိတ်ဖက်နိုင်ငံများမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးရန် မျှော်မှန်းထားကြောင်းနှင့် ယူကရိန်းနိုင်ငံအနေဖြင့် တင်းပြည့် EU အဖွဲ့ဝင်နိုင်ငံဖြစ်ရေး အတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအားလုံးကို လုပ်ဆောင်ရန်အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment