Thursday, June 9, 2022

ပိုလန်သည် ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာအမြောက် တပ်ဆင်ထားသည့် Krab အမျိုးအစား တင့်ကားများအား ယူကရိန်းနိုင်ငံသို့ ပို့ဆောင်သွားမည်ဆိုခြင်း

 

The Defense Post; Jun-9(Thu)

              ပိုလန်နိုင်ငံသည် ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာအမြောက်တပ်ဆင်ထားသည့် Krab အမျိုးအစား တင့်ကား ၅၀ စီးကို ယူကရိန်းအား ဒေါ်လာသန်း ၇၀၀ ဖြင့် ရောင်းချရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် ပိုလန်နိုင်ငံက အခြား Krab အမျိုးအစား တင့်ကား ၁၈ စီးကို ယူကရိန်းထံပေးပို့ပြီး တစ်လအကြာတွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းတင့်ကား များပေးပို့မှုကို ယခုနှစ်တွင်စတင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အပြီးသတ်ပေးပို့သွားနိုင်ရန် မျှော်မှန်းထားပါသည်။ NATO ၏ လက်နက်/ခဲယမ်းစနစ်များဖြင့် တွဲဖက်အသုံးပြုနိုင်သော အဆိုပါဟောင်ဝစ်ဇာအမြောက်တင်တင့်ကားများကို Polish Armaments Group Huta Stalowa Wola စက်ရုံတွင် ထုတ်လုပ်မည်ဖြစ်ပြီး လက်ရှိတွင် တစ်နှစ်လျှင် ၂၀ စီးမှ ၃၀ စီးအထိ ထုတ်လုပ်လျက်ရှိပါသည်။ ပိုလန်နိုင်ငံသည် ၎င်း၏စစ်ဘက်အတွက် Krab အမျိုးအစား တင့်ကား ၁၂၀ စီး ဝယ်ယူရန် ၂၀၁၆ ခုနှစ်တွင် မှာယူခဲ့ပြီး မှာယူထား သော တင့်ကားများ၏ နောက်ဆုံးအသုတ်ကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ရောက်ရှိနိုင် မည်ဟု မျှော်မှန်းထားပါသည်။

              တင့်ကားတွင်တပ်ဆင်ထားသော ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာအမြောက် သည် တစ်မိနစ်လျှင် ၆ တောင့်နှုန်းပစ်ခတ်နိုင်ပြီး ကီလိုမီတာ ၃၀ (၁၈.၆၄မိုင်) အကွာအဝေးအထိ ရောက်ရှိနိုင်ပါသည်။ အကူတွန်းအား တပ်ဆင်ထားသော ဒုံးကျည် ထိပ်ဖူးများဖြင့် ပစ်ခတ်ပါကမူ ၄၀ ကီလိုမီတာ (၂၅မိုင်) အကွာအဝေးအထိ ရောက်ရှိ နိုင်ပါသည်။ အဆိုပါစစ်လက်နက်ပစ္စည်းများသည် ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ယူကရိန်း စစ်ဘက်အတွက် အလွန်ပင်အရေးကြီးကြောင်း ပိုလန်ဝန်ကြီးချုပ် မာတက်စ်ဇ်မိုရာဝီခ်ကီ (Mateusz Morawiecki) က ပြောကြားခဲ့ပါသည်။ ယူကရိန်းနိုင်ငံသည် အဆိုပါတင့်ကား ဝယ်ယူမှုကုန်ကျငွေကို ၎င်း၏ ဘတ်ဂျက်မှ တစ်စိတ်တစ်ပိုင်းနှင့် ဥရောပသမဂ္ဂရန်ပုံငွေမှ တစ်စိတ်တစ်ပိုင်းပေးချေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment