Tuesday, June 7, 2022

ဂရိသည် အေဂျီယန်ကျွန်းစုများ၌ စစ်ရေးဆိုင်ရာချိုးဖောက်မှုများကိုစွန့်လွှတ်သင့် ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ခြင်း

 

Daily Sabah;Jun-7(Tue)

              ဂရိနိုင်ငံအနေဖြင့် အေဂျီယန်ပင်လယ်ရှိ ကျွန်းစုများ၌ စစ်ရေးအင်အားတိုးချဲ့ ခြင်းသည် ကာလကြာရှည်စွာသဘောတူညီခဲ့သည့် နိုင်ငံတကာသဘောတူစာချုပ်များ ကိုချိုးဖောက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျွန်းစုများကို စစ်မဲ့ဇုန်အဖြစ်ထားရှိရန် ပျက်ကွက်ခဲ့ပါက ဂရိနိုင်ငံ၏အချုပ်အခြာအာဏာအား မေးခွန်းထုတ်ရလိမ့်မည်ဖြစ်ကြောင်း  တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗလက်ကာဗူဆိုဂလူ (Melvet Cavusoglu) က ဇွန်လ ၇ ရက်တွင် သတိပေးပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် မြောက်မက်ဆီဒိုးနီးယားဝန်ကြီးချုပ် ဘူဂျာအိုစ်မာနီ (Bujar Osmani) နှင့် မြို့တော် အန်ကာရာ၌ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲအခမ်းအနားအတွင်း အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဂရိနိုင်ငံသည် ၁၉၂၃ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် လောင်ဆန်နီသဘောတူစာချုပ် (Lausanne Treaty) နှင့် ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့ သည့် ပဲရစ်သဘောတူညီချက် (Paris Treaty) များအရ အေဂျီယန်ကျွန်းများကို စစ်မဲ့ဇုန် အဖြစ်ထားရှိရန် ဂရိလက်သို့လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး စာချုပ်ပါအချက်များတွင် ၎င်းကျွန်းများပေါ်၌ မည်သည့်တပ်ဖွဲ့ဝင်၊ သို့မဟုတ် လက်နက်များ၏ တပ်ဖြန့်ချထားမှု မျိုးကိုမဆို တင်းတင်းကျပ်ကျပ်တားမြစ်ထားပါသည်။

              သို့သော်လည်း ဂရိနိုင်ငံအနေဖြင့် ၎င်းသဘောတူညီချက်ပါအချက်များကို ချိုးဖောက်ကာ အေဂျီယန်ကျွန်းများတွင် စစ်ရေးအရတည်ရှိစေရန်ဆောင်ရွက်နေကြောင်း နှင့် အဆိုပါချိုးဖောက်မှုများကိုရပ်တန့်ခြင်းမရှိပါက ကျွန်းစုများ၏ အချုပ်အခြာအာဏာ နှင့်ပတ်သက်၍ ဆွေးနွေးရန်တင်ပြသွားမည်ဖြစ်ကြောင်းလည်း ကာဗူဆိုဂလူက ပြောကြား ခဲ့ပါသည်။ ဂရိနိုင်ငံ၏ စစ်ဘက်ဆိုင်ရာတည်ဆောက်သည့်ကိစ္စရပ်နှင့်ပတ်သက်၍ တူရကီ နိုင်ငံသည် ကုလသမဂ္ဂထံ စာနှစ်စောင်ပေးပို့၍ ဖြေရှင်းပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့ ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် ၎င်းကိစ္စရပ်နှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ခြင်း မရှိသေးသမျှ ဂရိ၏ဆောင်ရွက်ချက်များမှာ ပိုမိုဆိုးရွားလာနိုင်ကြောင်းလည်း ၎င်းက အလေးအနက်ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် မကြာသေးမီလများမှစ၍ တူရကီ ကမ်းရိုးတန်းအနီးနှင့် အေဂျီယန်အရှေ့ဘက်ပိုင်းရှိကျွန်းများတွင် ဂရိနိုင်ငံ၏တပ်ဖြန့်ချထား ခြင်းအပေါ် ပြစ်တင်ဝေဖန်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment