Wednesday, June 8, 2022

တူရကီသည် ပင်လယ်နက်၌ ရှာဖွေတွေ့ရှိခဲ့သည့် သဘာဝဓာတ်ငွေ့များ ပို့လွှတ်ရန်အတွက် ပိုက်လိုင်းသွယ်တန်းမှုများ မကြာမီလုပ်ဆောင်သွားရန်ရှိခြင်း

 

Dailysabah; Jun-8 (Wed)

              တူရကီနိုင်ငံသည် ပင်လယ်နက်၌ ရှာဖွေတွေ့ရှိခဲ့သည့် သဘာဝဓာတ်ငွေ့များကို ပို့ဆောင်ပေးမည့် ပိုက်လိုင်းကွန်ရက်၏ ပထမဆုံးပိုက်များကို မကြာမီစတင်ချထားရန် စီစဉ်လျက်ရှိပြီး အဆိုပါဓာတ်ငွေ့များကို လာမည့် ၂၀၂၃ ခုနှစ်အစပိုင်းတွင် ပို့လွှတ်နိုင်ရန် ရည်မှန်းထားကြောင်း Dailysabah သတင်းဝဘ်ဆိုက်က ဇွန်လ ၈ ရက်တွင် ရေးသား ဖော်ပြခဲ့ပါသည်။ Dardanelles ဟု လူသိများသော Canakkale ရေလက်ကြားကို ဖြတ်ကျော်ပြီးနောက် Saipem ကုမ္ပဏီမှ Castoro 10 ရေယာဉ်သည် ဇွန်လ ၇ ရက်တွင် တူရကီနိုင်ငံ၊ ဆာကာရာ (Sakarya) ဓာတ်ငွေ့လုပ်ကွက်အတွက် ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများအား စတင်လုပ်ဆောင်ရန် ပင်လယ်နက်မြောက်ပိုင်း ဇွန်ဂူးလ်ဒက်ခ် (Zonguldak) မြို့ရှိ Filyos ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပါသည်။

          တူရကီကမ်းခြေမှ ၁၅၀ ကီလိုမီတာ (၉၃ မိုင်) အကွာတွင်တည်ရှိသော အထက်ပါ ဓာတ်ငွေ့သိုက်သည် တူရကီနိုင်ငံအတွက် အကြီးမားဆုံးသဘာဝဓာတ်ငွေ့သိုက် ရှာဖွေ တွေ့ရှိမှုတစ်ခုဖြစ်ပါသည်။ သဘာဝဓာတ်ငွေ့ ၅၄၀ ဘီလီယံကုဗမီတာရှိသော ဆာကာရာ ဓာတ်ငွေ့သိုက်ကို Fatih ကမ်းလွန်ဓာတ်ငွေ့စူးစမ်းရှာဖွေရေးသင်္ဘောက ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ကုန်းတွင်းပိုက်လိုင်းများ တည်ဆောက်မှုကို လာမည့် ဇွန်လ ၁၀ ရက်တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပင်လယ်ရေအောက် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ Turkish Petroleum Corporation (TPAO) က လာမည့်ဇူလိုင်လအတွင်း စတင်လုပ်ဆောင်သွားရန် မျှော်မှန်း ထားပါသည်။ ကမ်းလွန်ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းအား Saipem ကုမ္ပဏီ၏ Casterone ရေယာဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်တစ်ခုလုံး ဆောင်ရွက်ပြီးစီးမှုသည် အချိန် ၅ လခန့် ကြာမြင့်မည်ဖြစ်ပါသည်။ Saipem ကုမ္ပဏီမှ Castoro 10 ရေယာဉ် တူရကီသို့ ရောက်ရှိလာခြင်းသည် လုပ်ငန်းပြီးမြောက်ရန် ခြေတစ်လှမ်း ပိုမိုနီးကပ်လာခြင်းဖြစ်ကြောင်း စွမ်းအင်နှင့်သဘာဝအရင်းအမြစ်ဝန်ကြီး ဖာတီဒွန်မက်ဇ် (Fatih Donmez) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment