Sunday, June 5, 2022

ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF အနေဖြင့် တူရကီ၏ ထိုးစစ်ဆင်တိုက်ခိုက် လာမှုများကို ကာကွယ်တားဆီးရန်အတွက် ဆီးရီးယားအစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုခြင်း

 Reuters; Jun-5(Sun)

              အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (Syrian Democratic Forces-SDF) အနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ လုပ်ဆောင်မည့် တူရကီနိုင်ငံ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ကာကွယ်တားဆီးရန်အတွက် ဆီးရီးယား အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း SDF တပ်ဖွဲ့အကြီးအကဲ ဖြစ်သူ မက်ဇ်လိုရန်အဗ္ဗဒီ (Mazloum Abdi) က ဇွန်လ ရက်တွင် ပြောကြားခဲ့ သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။

သုံးသပ်ချက်

              ဆီးရီးယားနိုင်ငံတွင် အရေးနိမ့်သွားသော အိုင်အက်စ်စစ်သွေးကြွအဖွဲ့များ ပြန်လည်ဦးထောင်လာမည့်အန္တရာယ်မှ ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (Syrian Democratic Forces-SDF) ကို အမေရိကန် နိုင်ငံက ၂၀၁၅ ခုနှစ်တွင် လေ့ကျင့်ထောက်ပံ့ဖွဲ့စည်းပေးခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ မတ်လတွင် SDF အဖွဲ့သည် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်အကြမ်းဖက်အဖွဲ့များ၏ နယ်မြေအားလုံးကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီး ဆီးရီးယားအစိုးရ၏ အုပ်ချုပ်မှု အောက်မှခွဲထွက်ကာ ၎င်းတို့ထိန်းချုပ်ထားသော နိုင်ငံ့မြောက်ပိုင်းနယ်မြေများကို ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်ထူထောင်ထားကြောင်း တွေ့ရှိရပါသည်။ တစ်ဖက်တွင်လည်း တူရကီနိုင်ငံအနေဖြင့် ၎င်းနယ်စပ်အနီးတွင် လာရောက်ဖွဲ့စည်းထားသော အဆိုပါ ကာ့ဒ်တပ်ဖွဲ့နှင့် နိုင်ငံအတွင်းမှ မူလရှိရင်းစွဲ ကာ့ဒ်အလုပ်သမားပါတီ (Kurdistan Worker’s Party–PKK) အကြမ်းဖက်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လာမှုကို တားဆီးရန် အတွက် ဆီးရီးယားအစိုးရက ကန့်ကွက်နေသည့်ကြားမှာပင် နယ်စပ်ဖြတ်ကျော် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပါသည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ SDF အဖွဲ့ ထိန်းချုပ်ထားသော နယ်မြေများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကြေညာခဲ့ပါသည်။ ၎င်းကဲ့သို့ ထိုးစစ်တိုက်ခိုက်မည့်အပေါ် ဆီးရီးယားအစိုးရက ကန့်ကွက်မှုများ ပြုလုပ် ထားသကဲ့သို့ ဆီးရီးယားအစိုးရကိုဆန့်ကျင်သော ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People's Protection Units-YPG) နှင့် လွတ်လပ်သောဆီးရီးယားတပ်ဖွဲ့ (Free Syrian Army) တို့ ပေါင်းစပ်ဖွဲ့စည်းထားသည့် SDF အဖွဲ့ကလည်း အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားထားကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်၍ တူရကီ နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်ဆောင် လာပါက အဆိုပါဒေသတွင် စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment