Trend; Jun-27 (Mon)
အဇာဘိုင်ဂျန်နှင့် တူရကီနိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သည် တစ်ဟုန်ထိုးမြင့်တက်လျက်ရှိကြောင်း အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီး ဇာကီ ဟန်ဆနော့ (Zakir Hasanov) က နိုင်ငံပိုင် AZERTAC သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု Trend သတင်းဌာနက ဇွန်လ ၂၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များအကြား စစ်မှန်၍ ရိုးသားသောဆက်ဆံရေး တည်ဆောက်နိုင် ခဲ့မှုကြောင့် စစ်ဘက်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ ရှူရှာ (Shusha) မြို့၌ သမ္မတနှစ်ဦးအကြား လက်မှတ်ရေးထိုး ခဲ့သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ကြေညာချက်သည်လည်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကောင်းမွန်စေသည့် အဓိကကဏ္ဍတစ်ရပ်ဖြစ်ကြောင်း ဇာကီဟန်ဆနော့က ပြောကြားခဲ့ပါသည်။
တူရကီစစ်ဘက်၏ စက်မှုပညာကျွမ်းကျင်သူများနှင့် ခံစစ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်သည့် တပ်ဖွဲ့များအနေဖြင့် အဇာဘိုင်ဂျန်က သိမ်းယူထားသော နယ်မြေများတွင် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော ခဲယမ်းမီးကျောက်များကို ရှင်းလင်းရာတွင် တိုက်ရိုက်ပါဝင်ကူညီပေးလျက်ရှိသည့်အပြင် တူရကီစစ်အင်ဂျင်နီယာ များနှင့် အခြားတပ်ဖွဲ့များမှ နည်းပြများသည်လည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ မိုင်း ရှင်းလင်းရေးဆိုင်ရာ အထူးသင်တန်းများနှင့် အခြားသင်တန်းများကို သင်ကြားပေးလျက် ရှိသည်ဟု ဇာကီဟန်ဆနော့က ဆက်လက်ပြောကြားခဲ့ပါသည်။ အဆိုပါ စစ်အင်ဂျင် နီယာတပ်ဖွဲ့များအနေဖြင့် အဇာဘိုင်ဂျန်နယ်မြေအတွင်း၌ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲ သေးသော ခဲယမ်းမီးကျောက်ရှိသည့် နယ်မြေဧရိယာ ဟက်တာ ၂၁,၀၀၀ ခန့်ကို ရှင်းလင်း နိုင်ခဲ့ကြောင်းနှင့် နယ်မြေရှင်းလင်းစဉ်အတွင်း မပေါက်ကွဲသေးသော ခဲယမ်း ၉,၄၆၄ လုံး၊ လူသတ်မိုင်း ၆,၁၂၆ လုံး၊ တင့်ဖျက်မိုင်း ၂,၁၇၂ လုံးနှင့် အခြားခဲယမ်း မီးကျောက် ၁၈,၀၀၀ လုံးခန့်ကို တွေ့ရှိဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment