Sunday, May 1, 2022

ရုရှားသည် မော်ဒိုဗာနိုင်ငံအပေါ် စစ်ရေးတိုက်ခိုက်မှုများ ဆောင်ရွက်လာနိုင် ဖွယ်ရှိကြောင်း ယူကရိန်းနိုင်ငံက ပြောကြားခဲ့ခြင်း

 

Newsmax; May-1(Sun)

              ရုရှားနိုင်ငံသည် မော်ဒိုဗာနိုင်ငံအပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ဖွယ် ရှိကြောင်း ယူကရိန်းစစ်ဘက်သတင်းအရင်းအမြစ်တစ်ခုက မေလ ၁ ရက်တွင် ပြောကြား ခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် စစ်ရေးအရထိန်းချုပ်မှုများ စတင်ပြုလုပ်ခဲ့မည်ဆိုပါက မော်ဒိုဗာနိုင်ငံသည် စစ်ရေးအရပိုမိုလွယ်ကူသည့် ပစ်မှတ်တစ်ခုဖြစ်လာနိုင်ပြီး ယူကရိန်း နိုင်ငံအတွက်လည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ကြောင်းနှင့် ရုရှားနိုင်ငံသည် မကြာမီ ကာလအတွင်း မော်ဒိုဗာနိုင်ငံအပေါ် တိုက်ခိုက်မှုများဆောင်ရွက်လာနိုင်သည့် အချက်ပြမှု များစွာကိုလည်းတွေ့ရကြောင်း ၎င်းသတင်းအရင်းအမြစ်က ဆက်လက်ပြောကြားခဲ့ပါ သည်။ မော်ဒိုဗာနိုင်ငံ၏ ခွဲထွက်ပြည်နယ်တစ်ခုဖြစ်သော ထရန်စ်နစ္စထရီးယား (Transnistria) ပြည်နယ်ရှိ ရုရှားဘာသာစကားထုတ်လွှင့်သည့် ရေဒီယို တာဝါတိုင် ၂ ခုသည် ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့နိုင်ငံအနေဖြင့် အလွန်အန္တရာယ်များသော အခိုက်အတန့် တစ်ခုကိုရင်ဆိုင်နေရကြောင်း မော်ဒိုဗာဒုတိယဝန်ကြီးချုပ် နီကူပိုပီစကူ (Nicu Popescu) က ပြီးခဲ့သည့်သီတင်းပတ်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

              အထက်ပါပေါက်ကွဲမှုသည် ထရန်စ်နစ္စထရီးယားပြည်နယ်သို့ ရုရှားတပ်ဖွဲ့ဝင်များ ထိုးစစ်ဆင်လာစေမည့် အချက်ပြမှုတစ်ခုဖြစ်ပြီး ယူကရိန်းနိုင်ငံအတွင်းစစ်ဆင်ရေးများ ထပ်မံပြုလုပ်ရန် ရုရှားအတွက် စစ်ရေးလမ်းကြောင်းတစ်ခု ဖော်ဆောင်အသုံးပြုခြင်း ဖြစ်သည်ဟု ယူကရိန်းနိုင်ငံက စွပ်စွဲပြောကြားခဲ့ကြောင်း Asian Times သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ရုရှားအနေဖြင့် မော်ဒိုဗာနိုင်ငံအား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါက အနောက်ဘက်မှနေ၍ ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်သော အိုဒက်ဆာ (Odesa) မြို့သို့ ရုရှားတပ်ဖွဲ့ဝင်များ ဝင်ရောက်လာနိုင်မည်ဖြစ်ပါသည်။ ရုရှားနိုင်ငံသည် ယူကရိန်း နိုင်ငံတောင်ပိုင်းမှတစ်ဆင့် ထရန်စ်နစ္စထရီးယားပြည်နယ်သို့ ကုန်းလမ်းစင်္ကြံတစ်ခု ဖောက်လုပ်ရန် စီစဉ်ထားသည်ဟု ရုရှားစစ်ဘက်အကြီးအကဲတစ်ဦးဖြစ်သည့် ရူစတန် မီနီကော့ဗ် (Rustam Minnekaev) က မကြာသေးမီအချိန်ကာလအတွင်း ပြောကြားခဲ့မှုနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း Asian Times သတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါသည်။ မော်ဒိုဗာနိုင်ငံသည် စစ်ရေးအင်အားနည်းပါးသည့် တပ်မတော် တစ်ခုကိုပိုင်ဆိုင်ထားပြီး ဥရောပ၏အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် စွမ်းအင် ကဏ္ဍနှင့်ပတ်သက်၍လည်း ရုရှား၏ဓာတ်ငွေ့အပေါ် အပြည့်အဝမှီခိုအားထားနေရသော နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment