Newsmax;May-1(Sun)
ရုရှားနိုင်ငံသည် မော်ဒိုဗာနိုင်ငံအပေါ် စစ်ရေးတိုက်ခိုက်မှုအသစ်များ ပြုလုပ် လာနိုင်ဖွယ်ရှိကြောင်း ယူကရိန်းစစ်ဘက်သတင်းအရင်းအမြစ်တစ်ခုက မေလ ၁ ရက်တွင် ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် စစ်ရေးအရထိန်းချုပ်မှုများပြုလုပ်ခဲ့မည်ဆိုပါက မော်ဒိုဗာနိုင်ငံသည် လွယ်ကူသည့် ပစ်မှတ်တစ်ခုဖြစ်လာနိုင်ပြီး ယူကရိန်းနိုင်ငံအတွက် လည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ရုရှားနိုင်ငံ သည် မကြာမီကာလအတွင်း မော်ဒိုဗာနိုင်ငံအပေါ် တိုက်ခိုက်မှုများဆောင်ရွက်လာနိုင်မည့် အချက်ပြမှုများစွာကိုလည်း တွေ့ရကြောင်းပြောကြားခဲ့ပါသည်။ မော်ဒိုဗာနိုင်ငံ၏ ခွဲထွက် ပြည်နယ်တစ်ခုဖြစ်သော ထရန်စ်နစ္စထရီးယား (Transnistria) ပြည်နယ်ရှိ ရုရှား ဘာသာစကားထုတ်လွှင့်သည့် ရေဒီယိုတာဝါတိုင် ၂ ခု ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီးနောက် ၎င်းတို့နိုင်ငံသည် အလွန်အန္တရာယ်များသော အခိုက်အတန့်တစ်ခုကို ရင်ဆိုင် နေရကြောင်း မော်ဒိုဗာဒုတိယဝန်ကြီးချုပ် နီကူပိုပီစကူ (Nicu Popescu) က ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းထောက်များထံ ပြောကြားခဲ့ပါသည်။
သုံးသပ်ချက်
မော်ဒိုဗာနိုင်ငံ၏ခွဲထွက်ဒေသတစ်ခုဖြစ်သော ထရန်စ်နစ္စထရီးယား (Transnistria) ပြည်နယ်ခွဲထွက်ရေးနှင့်ပတ်သက်၍ ၁၉၉၂ ခုနှစ်တွင် စစ်ပွဲငယ်တစ်ခုဖြစ်ပွားရာတွင် ရုရှားနိုင်ငံသည် မော်လ်ဒိုဗာခွဲထွက်ရေးဝါဒီများအပေါ် တရားဝင်နှင့် အလွတ်သဘော အရ ပံ့ပိုးပေးမှုများရှိခဲ့သည့်အတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုများရှိခဲ့ ပါသည်။ ထို့ပြင် မော်ဒိုဗာနိုင်ငံ၌ တပ်စွဲထားသည့် ရုရှားအစောင့်တပ်ဖွဲ့၏ ဝင်ရောက် စွက်ဖက်မှုများကြောင့် အဆိုပါစစ်ပွဲအဆုံးသတ်ကာ နိုင်ငံတကာမှအသိအမှတ်မပြုသော ထရန်စ်နစ္စထရီးယားပြည်နယ်ပေါ်ပေါက်လာခဲ့ပြီး လက်ရှိတွင် ၎င်းပြည်နယ်၌ ရုရှား လိုလားသည့် အစိုးရအဖွဲ့က အုပ်ချုပ်လျက်ရှိကြောင်း သိရပါသည်။ ပြီးခဲ့သည့်သီတင်းပတ် တွင်လည်း ရုရှားအနေဖြင့် ယူကရိန်းနိုင်ငံတောင်ပိုင်းကိုသိမ်းပိုက်ပြီး မော်ဒိုဗာနိုင်ငံရှိ ခွဲထွက်ရေးလိုလားသူများရှိရာ ထရန်စ်နစ္စထရီးယားပြည်နယ်နှင့် ကုန်းလမ်းစင်္ကြံတစ်ခု ဖောက်လုပ်ရန် ရည်မှန်းထားကြောင်း ရုရှားထိပ်တန်းစစ်ဘက်အကြီးအကဲ ရူစတန် မီနီကေ့ဗ် (Rustam Minnekaev) က ကြေညာခဲ့ပါသည်။ ထို့ပြင် ရုရှားအနေဖြင့် မော်ဒိုဗာနိုင်ငံအား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါက အနောက်ဘက်မှနေ၍ ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်သော အိုဒက်ဆာ (Odesa) မြို့သို့ ရုရှားတပ်ဖွဲ့ဝင်များ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ သို့ဖြစ်၍ ရုရှား နိုင်ငံအနေဖြင့် မော်ဒိုဗာနိုင်ငံ၏ ခွဲထွက်ဒေသဖြစ်သော ထရန်စ်နစ္စထရီးယားပြည်နယ်နှင့် ကုန်လမ်းစင်္ကြံတည်ဆောက်ရန်စီစဉ်ခြင်းသည် ယူကရိန်းနိုင်ငံအား အဘက်ဘက်မှနေ၍ ထိုးစစ်ဆင်တိုက်ခိုက်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်နိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
No comments:
Post a Comment