Xinhua;May-15(Sun)
ဆလိုဗေးနီးယားနိုင်ငံတွင် ဗဟိုလက်ဝဲယိမ်းပါတီ ၃ ခုဖြစ်သည့် လွတ်လပ်ရေး လှုပ်ရှားမှု (The Freedom Movement-FM) ပါတီ၊ ဆိုရှယ်ဒီမိုကရက်တစ် (Social Democrats-SD) ပါတီနှင့် လက်ဝဲယိမ်း (The Left) ပါတီတို့သည် ညွန့်ပေါင်းပါတီ တစ်ခုအဖြစ်ဖွဲ့စည်းရန် မေလ ၁၄ ရက်တွင် သဘောတူညီခဲ့ကြောင်း Xinhua သတင်း ဌာနက မေလ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆလိုဗေးနီးယားဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် အစိုးရဖွဲ့စည်းနိုင်ရန်အတွက် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၉၀ ရှိသည့်အနက် အမတ်နေရာ ၅၀ ကျော် အနိုင်ရရှိရန်လိုအပ် ပါသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆလိုဗေးနီးယား အထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ရေးလှုပ်ရှားမှု (The Freedom Movement-FM) ပါတီသည် အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း လွှတ်တော်အမတ် ၉၀ နေရာ အနက် ၄၁ နေရာသာ အနိုင်ရရှိခဲ့ခြင်းကြောင့် ၎င်းပါတီအနေဖြင့် ဆိုရှယ်ဒီမိုကရက်တစ် (Social Democrats-SD) ပါတီနှင့် လက်ဝဲယိမ်း (The Left) ပါတီတို့နှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းသွားရန် လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။
ပြီးခဲ့သည့် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆလိုဗေးနီးယားအထွေထွေ ရွေးကောက်ပွဲတွင် ဆိုရှယ်ဒီမိုကရက်တစ် (Social Democrats-SD) ပါတီသည် အမတ် ၇ နေရာနှင့် လက်ဝဲယိမ်း (The Left) ပါတီသည် အမတ် ၅ နေရာ အသီးသီးရရှိခဲ့ ပါသည်။ လက်ရှိဝန်ကြီးချုပ် ဂျနက်ဇ်ဂျန်ဆာ (Janez Jansa) ဦးဆောင်သည့် ဆလိုဗေးနီးယန်း ဒီမိုကရက်တစ် (Slovenian Democratic Party-SDS) ပါတီသည် အဆိုပါရွေးကောက်ပွဲ တွင် အမတ်နေရာ ၂၇ နေရာသာ အနိုင်ရရှိခဲ့ပါသည်။ အထက်ပါ ဆလိုဗေးနီးယား နိုင်ငံရေးပါတီ ၃ ခုအနေဖြင့် FM ပါတီ၏ ဥက္ကဋ္ဌ ရောဘတ်ဂိုလက်ဘ် (Robert Golob) က ဦးဆောင်၍ ညွန့်ပေါင်းအစိုးရတစ်ရပ်အား ဖွဲ့စည်းသွားမည်ဖြစ်ပြီး လာမည့် ဇွန်လ ၃ ရက်မှစတင်ကာ တာဝန်ထမ်းဆောင်သွားရန် စီစဉ်လျက်ရှိပါသည်။ ညွန့်ပေါင်းအစိုးရသစ် အနေဖြင့် နိုင်ငံအတွင်း အနိမ့်ဆုံးလုပ်ခလစာနှင့် အနိမ့်ဆုံးပင်စင်လစာတိုးမြှင့်ရန်၊ ရေရှည်တွင် တည်တံ့ခိုင်မြဲသောပင်စင်စနစ်ကိုပြုပြင်ပြောင်းလဲရန်၊ တရားစီရင်ရေးစနစ်တွင် လွတ်လပ်၍ တရားမျှတမှုရှိစေရန်နှင့် အုပ်ချုပ်ရေးတွင် ဗဟိုချုပ်ကိုင်မှုစနစ်ကိုလျှော့ချရန်၊ ပြည်သူ့ကျန်းမာရေးစနစ်မြှင့်တင်ရန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မဟာဗျူဟာအစီအစဉ်များ ချမှတ်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ဆလိုဗေးနီးယားနိုင်ငံ၌ ဧပြီလ ၂၄ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၁.၇ သန်းသည် လွှတ်တော်ရှိ အမတ်နေရာ ၉၀ နေရာအတွက် ဝင်ရောက်ရွေးကောက်ခံသည့် ကိုယ်စားလှယ်လောင်း များအား မဲပေးခဲ့ကြပါသည်။ အဆိုပါရွေးကောက်ပွဲတွင် လက်ရှိအာဏာရ ရှေးရိုးစွဲ ဆလိုဗေးနီးယန်းဒီမိုကရက်တစ်ပါတီ (Slovenian Democratic Party-SDS) နှင့် လွတ်လပ်ရေးလှုပ်ရှားမှုပါတီ (The Freedom Movement-FM) တို့သည် ရွေးကောက်ပွဲတွင် လူထုထောက်ခံမှု အများဆုံးပါတီ ၂ ခုဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် FM ပါတီသည် ၄၁ နေရာ၊ SDS ပါတီသည် ၂၇ နေရာ၊ New Slovenia ပါတီသည် ၈ နေရာ၊ ဆိုရှယ် ဒီမိုကရက်တစ် (Social Democrats) ပါတီသည် ၇ နေရာ၊ လက်ဝဲယိမ်း (The Left) ပါတီသည် ၅ နေရာနှင့် အီတလီနှင့် ဟန်ဂေရီအမျိုးသားလူနည်းစုများအတွက် ၂ နေရာ အသီးသီးရရှိခဲ့ပါသည်။ သို့ဖြစ်၍ ရွေးကောက်ပွဲတွင် အမတ်နေရာ ၉၀ အနက် ၅၀ ကျော် အနိုင်ရရှိမှသာလျှင် အစိုးရသစ်တစ်ရပ်အား ဖွဲ့စည်းနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ရောဘတ်ဂိုလက်ဘ် (Robert Golob) ဦးဆောင်သော FM ပါတီသည် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ဆိုရှယ်ဒီမိုကရက်တစ်ပါတီနှင့် လက်ဝဲယိမ်းပါတီတို့ဖြင့် ညွန့်ပေါင်းပါတီ ဖွဲ့စည်းရန် သဘောတူညီခဲ့ပါသည်။ ထို့ကြောင့် ဆလိုဗေးနီးယားနိုင်ငံတွင် အစိုးရသစ် တစ်ရပ်ဖွဲ့စည်းပါက ၎င်းနိုင်ငံအတွင်း ပြောင်းလဲသွားမည့်မူဝါဒများနှင့် နိုင်ငံခြားရေး မူဝါဒများအား ဆက်လက်လေ့လာစောင့်ကြည့်သွားရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။
No comments:
Post a Comment