Tuesday, May 31, 2022

အမေရိကန်မပါဝင်ဘဲ နှစ်နိုင်ငံအကြားပဋိပက္ခများ ကိုယ်တိုင်ဖြေရှင်းသွားရန် အီရန်နိုင်ငံက ဂရိနိုင်ငံအား တိုက်တွန်းပြောကြားခဲ့ခြင်း

 

Greekcitytimes; May-31(Tue)

              အီရန်နိုင်ငံနှင့် ဂရိနိုင်ငံတို့အကြား ပဋိပက္ခများကိုဖြေရှင်းရာတွင် အမေရိကန် မပါဝင်စေဘဲ မိမိတို့သက်ဆိုင်ရာနှစ်နိုင်ငံသာ အတူတကွပူးပေါင်းဖြေရှင်းသွားလိုကြောင်း အီရန်နိုင်ငံက ဂရိနိုင်ငံအား တိုက်တွန်းပြောကြားခဲ့သည်ဟု Greekcitytimes သတင်း ဌာနက မေလ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အီရန်နိုင်ငံသည် ၎င်း၏ရေနံတင်သင်္ဘော တစ်စီးအား အမေရိကန်နိုင်ငံမှ ဖမ်းဆီးရာတွင် ပါဝင်ကူညီပေးခဲ့သည့်  ဂရိနိုင်ငံ၏ လုပ်ရပ်အား တုံ့ပြန်သည့်အနေဖြင့် မေလ ၂၇ ရက်တွင် ဂရိရေနံတင်သင်္ဘော ၂ စီးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် အီရန်အပေါ် ၎င်းတို့ချမှတ်ထား သည့် အရေးယူပိတ်ဆို့မှုများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အီရန်ရေနံတင်သင်္ဘော တစ်စီးအား ဂရိအစိုးရ၏ အကူအညီကိုရယူ၍ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပါသည်။

              အီရန်အနေဖြင့် ၎င်းတို့ဖမ်းဆီးထားသည့် ဂရိရေနံတင်သင်္ဘော ၂ စီးအား ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်နှင့် ဂရိသံတမန်တို့က တောင်းဆိုလျက်ရှိပါသည်။ အီရန်နိုင်ငံ၏ ဂရိရေနံတင်သင်္ဘောများကို တရားမဲ့ဖမ်းဆီးမှုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်အစိုးရအနေဖြင့် ဂရိနိုင်ငံဘက်မှ ရပ်တည်ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony Blinken) က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာ့လွတ်လပ်စွာ ကုန်သွယ်ရေးကဏ္ဍ၌ အကြီးမားဆုံး အနှောင့်အယှက်ပေးနေသည့် နိုင်ငံဖြစ်လာနေခြင်းကြောင့် ၎င်း၏ကိုယ်ပိုင်မူဝါဒစည်းမျဉ်း များကို ပြန်လည်သုံးသပ်သွားရမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဆာအိဒ်ခါတစ်ဇာဒရှ် (Saeed Khatibzadeh) က ဘလင်ကန်အား ပြောကြားခဲ့ပါသည်။ ဖမ်းဆီးခံဂရိသင်္ဘောသားများ၏ ကျန်းမာရေးအခြေအနေများ ကောင်းမွန်ကြောင်းနှင့် ၎င်းတို့၏မိသားစုဝင်များနှင့်လည်း ဖုန်းအဆက်အသွယ်များ ရရှိကြောင်း ဇာဒရှ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment