Tuesday, May 10, 2022

ဥရောပသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများ၏ ကာလတိုမူဝါဒများကြောင့် ၎င်းအဖွဲ့ထူထောင်ရေးအခြေခံသဘောတရားများမှ သွေဖည်လျက်ရှိကြောင်း တူရကီသမ္မတက စွပ်စွဲပြောကြားခဲ့ခြင်း

 

Sputnik; May-10 (Tue)

              ဥရောပသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများ၏ ကာလတိုမူဝါဒများ လွှမ်းမိုးနေခြင်း ကြောင့် ၎င်းအဖွဲ့ထူထောင်ရေး အခြေခံသဘောတရားများမှ သွေဖည်လျက်ရှိသည်ဟု တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က မေလ ရက်တွင် ပြောကြားခဲ့ကြောင်း Sputnik သတင်းဌာနက မေလ ၁၀ ရက်၌ ဖော်ပြခဲ့ပါ သည်။ ယူကရိန်းပဋိပက္ခသည် ဥရောပသမဂ္ဂအတွက် သတိပေးချက်တစ်ရပ်အဖြစ် ရှုမြင်သင့်ပြီး စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရန်လိုအပ်သည့် လက္ခဏာ ကိုပြသခြင်းဖြစ်ကြောင်း သမ္မတ အာဒိုဂန်ကပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် အတားအဆီးအမျိုးမျိုးရှိသော်လည်း ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် အပြည့်အဝရရှိရေး လုပ်ငန်းစဉ်အား စိတ်ရှည်သည်းခံမှုရှိစွာ လိုက်နာဆောင်ရွက်လျက်ရှိပြီး ဥရောပသမဂ္ဂ အနေဖြင့် ၎င်းတို့အပေါ် အပြုသဘောဆောင်သောချဉ်းကပ်မှုဖြင့် အားပေးသင့်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။

              တူရကီနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရေးအတွက် တရားဝင်လျှောက်ထားခဲ့ပြီးနောက် အဖွဲ့ဝင်ကိုယ်စားလှယ်လောင်းနိုင်ငံအဆင့်အတန်း ရရှိရန် ၁၉၉၉ ခုနှစ်အထိ စောင့်ဆိုင်းခဲ့ရပါသည်။ အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုများကို ၂၀၀၅ ခုနှစ်တွင် စတင်နိုင်ခဲ့သော်လည်း ထိုအချိန်မှစ၍ အဖွဲ့ဝင်ဖြစ်ရေး ဆိုင်ရာ ဆွေးနွေးမှုလုပ်ငန်းစဉ်များမှာ ရပ်တန့်နေလျက်ရှိပါသည်။ တူရကီနိုင်ငံသည် နိုင်ငံအတွင်း လွတ်လပ်သောမီဒီယာနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကိုဖိနှိပ်သည်ဟု ဘယ်လ်ဂျီယံနိုင်ငံက စွပ်စွဲခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဥရောပသမဂ္ဂ-တူရကီ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လနှောင်းပိုင်းတွင် သမ္မတ အာဒိုဂန်သည် ဥရောပသမဂ္ဂသို့ တူရကီဝင်ရောက်ရေးလုပ်ငန်းစဉ်များ ကြန့်ကြာနေမှု အပေါ် ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် တူရကီအား ၎င်းနှင့်ထိုက်တန်သော နေရာ ရရှိရန်အာမခံပေးနိုင်မည့် ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို အရှိန် မြှင့်တင်လုပ်ဆောင်သင့်သည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment