Reuters;May-8(Sun)
ဥရောပသမဂ္ဂအနေဖြင့် ရုရှားနိုင်ငံထံမှ ရေနံဝယ်ယူမှုမပြုရေး အရေးယူပိတ်ဆို့မှု ချမှတ်ရာတွင် ၎င်းတို့နိုင်ငံအား ကင်းလွတ်ခွင့်ပြုရန် ဘူလ်ဂေးရီးယားဒုတိယဝန်ကြီးချုပ် အက်ဆင်ဗစ်ဆီလက်ဗ် (Assen Vassilev) က မေလ ၈ ရက်တွင် တောင်းဆိုမှုပြုလုပ်ခဲ့ ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့ ကင်းလွတ်ခွင့်မပြုပါက ဥရောပသမဂ္ဂ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်များချမှတ်ခြင်းများကို ထောက်ခံ သွားမည်မဟုတ်ကြောင်း ဗစ်ဆီလက်ဗ်က ပြောကြားခဲ့ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံ အပါအဝင် ကုန်းတွင်းပိတ်နိုင်ငံများဖြစ်သည့် ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတ နိုင်ငံတို့သည် ရုရှားနိုင်ငံ၏ ရေနံတင်ပို့မှုအပေါ် မှီခိုနေကြရသဖြင့် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ဘူလ်ဂေးရီးယားနိုင်ငံရှိ တစ်ခုတည်းသောရေနံချက်စက်ရုံဖြစ်သည့် ပင်လယ်နက် ဆိပ်ကမ်းရှိ ဘာဂတ်စ် (Burgas) ရေနံချက်စက်ရုံအနေဖြင့်လည်း ရေနံများပိုမိုထုတ်လုပ် နိုင်ရန်အတွက် အဆင့်မြှင့်တင်မှုများပြုလုပ်သွားရန် အချိန်များစွာလိုအပ်လျက်ရှိကြောင်း နှင့် ထို့ကဲ့သို့အဆင့်မြှင့်တင်ပြီးမှသာလျှင် ရုရှားနိုင်ငံထံမှ ရေနံဝယ်ယူမှုအား ရပ်တန့် သွားနိုင်မည်ဖြစ်ကြောင်းလည်း ဗစ်ဆီလက်ဗ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံတွင် အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘူလ်ဂေးရီးယား နိုင်ငံအနေဖြင့် နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် ရေနံပမာဏ၏ ထက်ဝက်ကျော်ခန့် အား ရုရှားနိုင်ငံထံမှ ဝယ်ယူသုံးစွဲရလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment